The network connection is lost.

Banner Image

ဒန်နီယယ်လီဗိုင်း တော့တင်ဟမ်အသင်းမှ ထွက်ခွာခဲ့တဲ့ နောက်ကွယ်က အဖြစ်မှန်

၂၅ နှစ်နီးပါး တာဝန်ယူခဲ့ပြီး ပရီးမီးယားလိဂ်မှာ သက်တမ်းအရှည်ဆုံး ဥက္ကဋ္ဌဖြစ်တဲ့ ဒန်နီယယ် လီဗိုင်းဟာ ကြာသပတေးနေ့က စတင်ပြီး ဥက္ကဋ္ဌရာထူးကနေ ချက်ချင်း ထွက်ခွာသွားခဲ့ပါတယ်။ ‘ကျွန်တော် အမှုဆောင်အဖွဲ့နဲ့ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေနဲ့အတူ လုပ်ဆောင်ခဲ့တဲ့ အလုပ်တွေအတွက် အလွန်ပဲ ဂုဏ်ယူမိပါတယ်’ 

‘ကျွန်တော်တို့ ဒီကလပ်ကို ကမ္ဘာလုံးဆိုင်ရာ အဆင့်မီတဲ့ ထိပ်တန်းပြိုင်ဘက်အဖြစ် တည်ဆောက်နိုင်ခဲ့ပြီး အဲဒီထက် ပိုအရေးကြီးတာကတော့ အသိုက်အဝန်းတစ်ခုကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒီအားကစားလောကရဲ့ အကြီးမြတ်ဆုံးလူတွေနဲ့ အလုပ်လုပ်ဖို့ ကံကောင်းခဲ့ပါတယ်။ လီလီဝှိုက် ဟောက်စ်နဲ့ ဟော့စ်ပါး ဝေးက အဖွဲ့သားတွေအပြင် နှစ်တွေအကြာကြီး ကစားသမားတွေနဲ့ နည်းပြတွေနဲ့လည်း အလုပ်လုပ်နိုင်ခဲ့ပါတယ်’

‘ကျွန်တော့်ကို နှစ်တွေအကြာကြီး ပံ့ပိုးပေးခဲ့တဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ဒီခရီးလမ်းက လွယ်ကူခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဓိက တိုးတက်မှုတွေ ရရှိခဲ့ပါတယ်။ ဒီကလပ်ကို စိတ်အားထက်သန်စွာနဲ့ ဆက်လက် ပံ့ပိုးပေးသွားမှာပါ’ လို့ လီဗိုင်းက ကလပ်အသင်းရဲ့ ဝက်ဘ်ဆိုက်မှာ ပြောကြားခဲ့ပါတယ်။

အသက် ၆၃ နှစ်အရွယ် လီဗိုင်းရဲ့ ထွက်ခွာချိန်ကတော့ လူအများအပြားကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ တော့တင်ဟမ်ဟာ ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ဖလား ရယူပြီး ဆုဖလားမရရှိနိုင်တဲ့ အခြေအနေကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ နည်းပြသစ် သောမတ်စ် ဖရန့်ခ် လက်အောက်မှာလည်း ဒီနွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အင်အားဖြည့်တင်းမှုတွေ အများအပြား လုပ်ဆောင်ခဲ့တဲ့အတွက် အသင်းကလည်း ခြေစွမ်းကောင်းတွေ ပြသနေလို့ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ဘီဘီစီရဲ့ဖော်ပြချက်အရ လီဗိုင်းဟာ သူ့ရဲ့အုပ်ချုပ်မှုကာလအတွင်းမှာ ကွင်းအတွင်း အောင်မြင်မှုမရှိခဲ့တာအတွက် တန်ဖိုးပေးခဲ့ရပါတယ်။ ယူရိုပါလိဂ်ဖလားအောင်မြင်မှုက အရင်က ကျရှုံးမှုတွေကို ကာမိဖို့အတွက် လုံလောက်မှုမရှိဘူးလို့ ယူဆခဲ့ကြပါတယ်။

ကလပ်ပိုင်ရှင်တွေဟာ လီဗိုင်းကို ရာထူးမှ ဖယ်ရှားတာက အသင်းအတွက် အောင်မြင်မှုတွေနဲ့ သူ့ရဲ့ အလားအလာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်မယ့် အခွင့်အရေးကို ပေးနိုင်လိမ့်မယ်လို့ တညီတညွတ်တည်း ယုံကြည်ခဲ့ကြပါတယ်။

လီဗိုင်းဟာ တော့တင်ဟမ်ရဲ့နည်းပြဟောင်း အန်ဂီ ပိုစတီကိုဂလူ ထွက်ခွာသွားခဲ့ပြီးနောက်မှာ နည်းပြသစ် သောမတ်စ် ဖရန့်ခ်ကို ခေါ်ယူဖို့ အဓိကလုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက အသင်းဟာ ပရီးမီးယားလိဂ်မှာ ၂၂ ပွဲအထိ ရှုံးနိမ့်ခဲ့တဲ့ စံချိန်တင် ကျရှုံးမှုအပြီး ယူရိုပါလိဂ်ကို ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ လီဗိုင်းရဲ့ ကြာရှည်တာဝန်ယူမှုအပေါ် အသင်းရဲ့ပရိသတ်အချို့က တိုးတက်မှုမရှိဘူးလို့ ယူဆပြီး စိတ်ပျက်မှုတွေ တိုးပွားလာခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ နည်းပြတွေ တစ်သိုက်ကြီး ဝင်လာလိုက် ထွက်သွားလိုက်လုပ်ခဲ့ပေမယ့် ဆုဖလားတစ်ခုမှ ရယူနိုင်ခြင်းမရှိခဲ့လို့ပဲ ဖြစ်ပါတယ်။

လီဗိုင်းရဲ့ ထွက်ခွာမှုကို ကြေညာတဲ့အခါမှာ ‘ကလပ်ရဲ့ပိုင်ဆိုင်မှု ဒါမှမဟုတ် ရှယ်ယာရှင်ဖွဲ့စည်းပုံမှာ အပြောင်းအလဲမရှိဘူး’လို့ ပြောကြားခဲ့ပါတယ်။ စပါးရဲ့ပိုင်ရှင်ဖြစ်တဲ့ အီးအန်အိုင်စီရဲ့ ဒါရိုက်တာ ပီတာ ချာရင်တန်ကတော့ အမှုဆောင်မဟုတ်တဲ့ ဥက္ကဋ္ဌဆိုတဲ့ ရာထူးသစ်ကို တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

ကလပ်အသင်းရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ‘ရာထူးဆက်ခံမှု စီမံချက်ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ကလပ်အသင်းက မကြာသေးခင် လတွေက အကြီးတန်းရာထူးအချို့ကို ခန့်အပ်ခဲ့ပါတယ်။ ဗီနိုင်း ဗန်ကတ်တက်ရှမ်ကို အမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး သောမတ်စ် ဖရန့်ခ်ကတော့ အမျိုးသားအသင်းနည်းပြဖြစ်ပြီး မာတင် ဟိုကတော့ အမျိုးသမီးအသင်းနည်းပြအဖြစ် ခန့်အပ်ထားပါတယ်’ ‘ပီတာ ချာရင်တန်ဟာ ဘုတ်အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး အမှုဆောင်မဟုတ်တဲ့ ဥက္ကဋ္ဌဆိုတဲ့ ရာထူးသစ်ကို တာဝန်ယူသွားမှာ ဖြစ်ပါတယ်’လို့ ဖော်ပြထားပါတယ်။

ချာရင်တန်ကတော့ ကလပ်အသင်းကို ရှေ့ဆက်တိုးတက်အောင် ကူညီပေးခဲ့တဲ့ လီဗိုင်းရဲ့ လုပ်ဆောင်မှုတွေကို ဂုဏ်ပြုပြောဆိုခဲ့ပါတယ်။ လီဗိုင်းရဲ့ တာဝန်ယူမှုအောက်မှာ စပါးအသင်းက ကွင်းသစ်ကို ပိုင်ဆိုင်ခဲ့ပြီး ၂၀၁၉ တုန်းက လီဗာပူးလ်အသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပါတယ်။

‘ဒီထူးခြားတဲ့ ကလပ်အသင်းရဲ့ အမှုဆောင်မဟုတ်တဲ့ ဥက္ကဋ္ဌဖြစ်လာတဲ့အတွက် အရမ်းဂုဏ်ယူပါတယ်။ ဘုတ်အဖွဲ့ကိုယ်စား ဒန်နီယယ်လ်နဲ့ သူ့ရဲ့မိသားစုကို နှစ်အများကြီး ကလပ်အသင်းအပေါ် ကတိကဝတ်နဲ့ သစ္စာရှိမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်’

‘ဒါက ကလပ်အတွက် ကွင်းအတွင်းရော၊ ကွင်းအပြင်မှာပါ ခေါင်းဆောင်မှုအသစ်ရဲ့ ခေတ်သစ်ပါပဲ။ ကျွန်တော်တို့ အနာဂတ်အတွက် အုတ်မြစ်အသစ်တွေ ချမှတ်တဲ့အတွက် မကြာသေးခင် လတွေမှာ အပြောင်းအလဲတွေ အများကြီးရှိခဲ့တယ်ဆိုတာကို ကျွန်တော် သိပါတယ်။ အခုအချိန်မှာတော့ ကျွန်တော်တို့ ဗီနိုင်းနဲ့ သူ့ရဲ့အမှုဆောင်အဖွဲ့ ဦးဆောင်တဲ့ ကလပ်အသင်းမှာ အရည်အချင်းရှိတဲ့ လူတွေရဲ့ စွမ်းဆောင်ရည်တွေကို အပြည့်အဝ အာရုံစိုက်နေပါတယ်’လို့ ချာရင်တန်က ပြောကြားခဲ့ပါတယ်။