
တော့တင်ဟမ်မှ လီဗိုင်းထွက်ခွာသွားမယ်လို့ မမျှော်လင့်ထားခဲ့တဲ့ ဟယ်ရီကိန်း
တော့တင်ဟမ်အသင်းသမိုင်းတလျှောက် သွင်းဂိုးအများဆုံးကစားသမားဖြစ်တဲ့ ဟယ်ရီကိန်းက ကလပ်အသင်းမှ အမှုဆောင်ဥက္ကဋ္ဌဒန်နီရယ်လီဗိုင်းထွက်ခွာမှုကို မမျှော်လင့်ထားခဲ့ဘူးလို့ ပြောဆိုလိုက်ပြီး မြောက်လန်ဒန်မှာရှိနေစဉ်ကာလအတွင်း ထူးခြားပြောင်မြောက်စွာစွမ်းဆောင်နိုင်ခဲ့သူကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
တော့တင်ဟမ်ကို ၂၅ နှစ်နီးပါး အုပ်ချုပ်ခဲ့တဲ့ လီဗိုင်းက မကြာသေးမီရက်ပိုင်းကပဲ အသင်းမှထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။၂၀၂၃ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အတွက် တော့တင်ဟမ်မှထွက်ခွာခဲ့တဲ့ ဟယ်ရီကိန်းက “ ရိုးရိုးသားသားပြောရရင် နည်းနည်းတော့အံ့သြမိပါတယ်။ ဒီလိုဖြစ်လာမယ်လို့လည်း မမျှော်လင့်ထားခဲ့ပါဘူး။ လီဗိုင်းဆိုတာ နှစ်ပေါင်း ၂၀ ကျော်ကြာ တော့တင်ဟမ်အတွက် အံ့ဖွယ်ဥက္ကဋ္ဌတစ်ဦး ဖြစ်ခဲ့ပါတယ်။ ကလပ်အသင်းရှိနေခဲ့တဲ့နေရာနဲ့ အခုရောက်ရှိနေတဲ့နေရာကို သုံးသပ်ကြည့်လိုက်မယ်ဆိုရင် ကွင်းတွင်းကွင်းပြင် အပြောင်းအလဲကြီးတစ်ခု ဖြစ်ပေါ်ခဲ့တယ်လို့ ထင်ပါတယ်။ ကလပ်အသင်းရဲ့ ဘယ်အဆင့်မှာမဆို အပြောင်းအလဲဆိုတာ အမြဲရှိနေမှာဖြစ်သလို ရာထူးကြီးမားတဲ့နေရာတွေအတွက်လည်း အပြောင်းအလဲတွေ ရှိလာပါလိမ့်မယ်”လို့ ပြောပါတယ်။
လီဗိုင်းလက်အောက် ၂၅ နှစ်တာကာလအတွင်း တော့တင်ဟမ်က အလုံးစုံပြောင်းလဲသွားခဲ့ပါတယ်။ သူတို့တွေက လွန်ခဲ့တဲ့ဆယ်စုနှစ်,နှစ်ခုတာကာလအတွင်း ဥရောပအဆင့်ပြိုင်ပွဲတွေကို ၁၈ ကြိမ်အထိ ပါဝင်ယှဉ်ပြိုင်ခဲ့ကာ ကမ္ဘာလုံးဆိုင်ရာအသိအမှတ်ပြုခံရတဲ့ ဘောလုံးအဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ကလပ်အသင်းက ကမ္ဘာ့အဆင့်မီဘောလုံးကွင်းကြီးတစ်ခု၊ ခေတ်မီဆန်းသစ်တဲ့လေ့ကျင့်ရေးစင်တာ၊ ထိပ်တန်းကြယ်ပွင့်တွေကို ဆက်လက်မွေးထုတ်ပေးနိုင်တဲ့ ဘောလုံးအကယ်ဒမီတစ်ခုအပါအဝင် အခြေခံအဆောက်အအုံပိုင်းမှာ အကြီးအကျယ်ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။
အလားတူ တော့တင်ဟမ်က အမြင့်ဆုံးအဆင့်အတန်းတွေမှာ အမြဲလိုလို ယှဉ်ပြိုင်နိုင်ခဲ့ပြီး လတ်တလော ယူရိုပါလိဂ်ချန်ပီယံဆုအပါအဝင် ကွင်းတွင်းအောင်မြင်မှုတွေလည်း ရရှိခဲ့ပါတယ်။
ဟယ်ရီကိန်းက “ ဘာတွေဖြစ်သွားတယ်၊ ဘာကြောင့်ဖြစ်သွားတယ်ဆိုတာ ကျွန်တော်လည်း အများကြီးမသိပါဘူး။ ကျွန်တော်ပြောနိုင်တဲ့အရာကတော့ အနာဂတ်မှာ ဘာတွေပဲဖြစ်လာပါစေ၊ လီဗိုင်းအတွက် အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးနေတယ်ဆိုတာပါပဲ။ ကျွန်တော်တို့အတူတကွရှိနေစဉ်ကာလတွေမှာ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့တွေ တချိန်ချိန်တော့ ပြန်ဆုံတွေ့ကြပါလိမ့်မယ်။ တော့တင်ဟမ်အတွက်တော့ ဖန်တီးရေးသားဖို့ကြိုးစားသွားရမယ့် အခန်းကဏ္ဍသစ်တစ်ခု ရှိလာပါပြီ”လို့ ပြောပါတယ်။