
ပါရီမြေဒုတိယအကျော့ပွဲစဉ်မတိုင်ခင် တံကောက်ကြောဒဏ်ရာသံသယနဲ့ ရင်ဆိုင်နေရတဲ့ ဒမ်ဘီလီ
ဒီနေ့မနက်ပိုင်း၊ အာဆင်နယ်ကို ဝ-၁ ဂိုးဖြင့် အနိုင်ရတဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်အတွင်း တံကောက်ကြောဒဏ်ရာသံသယနဲ့ လူစားလဲလှယ်ခဲ့ရတဲ့အဆုံးအဖြတ်အနိုင်ဂိုးရှင်အူစမာဒမ်ဒီလီကို လက်လွှတ်ရသည်ဖြစ်စေ၊ လက်မလွှတ်ရသည်ဖြစ်စေ ပီအက်စ်ဂျီအသင်း ဗိုလ်လုပွဲအဆင့်ဆီ တက်လှမ်းနိုင်ပါတယ်လို့ လူးဝစ်အင်းနရစ်က ပြောပါတယ်။
ပထမပိုင်းပွဲချိန်မပြီးဆုံးခင် ဧည့်သည်တွေအတွက် အဆုံးအဖြတ်အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ ဒမ်ဘီလီက ဒုတိယပိုင်းကစားချိန်မှာ ပီအက်စ်ဂျီအသင်းအရန်ခုံတန်းရှေ့ သူ့ရဲ့ခြေထောက်ကိုကိုင်ပြီး ထိုင်ချသွားခဲ့ပါတယ်။ ဒါကြောင့် သူ့ကို ဘာကိုလာနဲ့ ပွဲချိန်မိနစ် ၇၀ မှာ လူစားလဲလှယ်ခဲ့ပါတယ်။
ဘာစီလိုနာတိုက်စစ်မှူးဒမ်ဘီလီက ပီအက်စ်ဂျီရဲ့ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ခရီးလမ်းမှာ အရေးပါသူတစ်ဦး ဖြစ်ပေမယ့် နည်းပြအင်းနရစ်ကတော့ ပြင်သစ်လက်ရွေးစင် အချိန်မီမသက်သာလာဘူးဆိုရင်တောင် သူ့အသင်းမှာ ဒုတိယအကျော့အတွက် ကိုယ့်အလုပ်ကိုယ်ပြီးမြောက်အောင်လုပ်နိုင်မယ့်အစွမ်းအစ ရှိနေပါသေးတယ်လို့ ပြောခဲ့ပါတယ်။
လူးဝစ်အင်းနရစ်က “ ဒမ်ဘီလီရဲ့ခြေထောက်တွေ ကွင်းထဲမှာ ပြန်ချလာနိုင်ဖို့အတွက် ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားသွားပါမယ်။ ဒါပေမယ့် ကျွန်တော်တို့က စစ်မှန်တဲ့အသင်းတစ်ခု ဖြစ်ပါတယ်။ ဒမ်ဘီလီသာ ကစားနိုင်မယ်ဆိုရင် ပိုကောင်းတာပေါ့။ ဒမ်ဘီလီမကစားနိုင်ဘူးဆိုရင်လည်း ကျွန်တော်တို့က စစ်မှန်တဲ့အသင်းတစ်ခုအဖြစ် ဆက်ရှိနေဆဲပဲဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ရာသီအစမှာကတည်းက ကျွန်တော်တို့ ပြောခဲ့ပြီးပါပြီ”လို့ ဆိုပါတယ်။
ကစားသမားရဲ့ဒဏ်ရာအတိမ်အနက်ကို မေးမြန်းချိန် ပီအက်စ်ဂျီနည်းပြက “ ကျွန်တော်လည်း မသိပါဘူး။ မနက်ဖြန်ကျရင် သူ့ကို စစ်ဆေးသွားရပါမယ်။ သိပ်မပြင်းထန်တဲ့ အသေးအဖွဲ့ကိစ္စတစ်ခုသာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒုတိယအကျော့ပွဲစဉ်အတွက် သူ့ရဲ့အခြေအနေက သံသယဖြစ်စရာအနေအထားမှာပဲ ရှိနေပါတယ်” လို့ ရှင်းပြပါတယ်။ ပွဲစဉ်အပြီး L’Equipe သတင်းဌာနနဲ့တွေ့ဆုံချိန် သူ့ရဲ့အခြေအနေနဲ့ပတ်သက်လို့ ဒမ်ဘီလီက “ နည်းနည်းလေး ခံစားလိုက်ရတာပါ။ ဒါပေမယ့် အဆင်ပြေနေပါပြီ ”လို့ ပြောပါတယ်။
ပြင်သစ်ချန်ပီယံတွေအတွက် နှစ်ဂိုးပြတ်နိုင်ပွဲဖြစ်စေမယ့် ဂွန်ကာလိုရာမို့စ်၊ ဘာကိုလာတို့ရဲ့ ပွဲချိန်နှောင်းပိုင်းကြိုးပမ်းမှုတွေ လွဲချော်ခြင်းမတိုင်ခင် မာတင်နယ်လီ၊ ထရိုဆက်ဒ်တို့ရဲ့အပိုင်ကန်ချက်တွေကို ကာကွယ်ခဲ့တဲ့ ပီအက်စ်ဂျီဂိုးသမားဒွန်နာရမ်မာရဲ့လက်စွမ်းကလည်း အခုပွဲစဉ်အတွက် အသိအမှတ်ပြုစရာ ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ဘာစီလိုနာနည်းပြအဖြစ် ၂၀၁၅ ချန်ပီယံလိဂ်သရဖူကို ဆွတ်ခူးနိုင်ခဲ့တဲ့ လူးဝစ်အင်းနရစ်က မေလ၊ မြူးနစ်ဗိုလ်လုပွဲဆီရောက်ရှိဖို့အတွက် သူ့အသင်းမှာ အာဆင်နယ်ကို အိမ်ကွင်း/အဝေးကွင်းနှစ်ကျော့လုံး အနိုင်ယူနိုင်စွမ်းရှိထားတယ်လို့ ယုံကြည်နေပါတယ်။
ပီအက်စ်ဂျီနည်းပြက “ ရလဒ်ကောင်းတစ်ခုဖြစ်ပေမယ့် နောက်တစ်ပွဲကစားသွားရပါဦးမယ်။ အရမ်းစိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲစဉ်တစ်ခုဖြစ်ပြီး ဒီလိုခံစားချက်မျိုးနဲ့ ယှဉ်ပြိုင်ကစားရတာ ခက်ခဲလွန်းပါတယ်။
ဒါပေမယ့် ပြိုင်ပွဲက မပြီးဆုံးသေးပါဘူး။ ပွဲစဉ်ကိုထိန်းချုပ်သွားနိုင်မယ့်နည်းလမ်းတွေအကြောင်း ကျွန်တော်တို့ စဉ်းစားထားရပါမယ်။ အိမ်ကွင်းပရိသတ်ရှေ့မှောက်ကစားရမယ့်ပွဲစဉ်ကျန်နေသေးလို့ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေရပါမယ်”လို့ ပြောပါတယ်။ လူးဝစ်အင်းနရစ်ရဲ့ပီအက်စ်ဂျီက အခုရာသီ၊ လီဂူးဝမ်းချန်ပီယံဖြစ်လာခဲ့သလို ပြင်သစ်ဖလားဗိုလ်လုပွဲဆီလည်း တက်ရောက်ထားနိုင်လို့ ဖလားသုံးလုံးချန်ပီယံပြေးလမ်းပေါ်မှာ ရှိနေဆဲဖြစ်ပါတယ်။