The network connection is lost.

Banner Image

ဆေးရုံအရေးပေါ် တက်ရောက်ကာ ခွဲစိတ်ကုသမှု ခံယူခဲ့ရတဲ့ ယူနိုက်တက်နည်းပြဟောင်း ရန်းနစ်ခ်

ယူနိုက်တက်အသင်း နည်းပြဟောင်း ရန်းနစ်ခ်ဟာ ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခံရပြီးနောက် ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်း သိရပါတယ်။ အသက် ၆၇ နှစ်အရွယ်ရှိ နည်းပြကြီးဟာ ဇွန်လက ပုံမှန်ခြေချင်းဝတ်ခွဲစိတ်မှု ခံယူခဲ့သော်လည်း နောက်ပိုင်းတွင် ခွဲစိတ်ဒဏ်ရာ ရောင်ရမ်းလာပြီး ပိုးဝင်ခဲ့ကြောင်း Bild သတင်းစာက ဖော်ပြခဲ့ပါတယ်။ ထို့နောက် ရန်းနစ်ခ်ကို ဆေးရုံသို့ ပြန်ပို့ဆောင်ကာ ထပ်မံခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရပြီး ဒုတိယအကြိမ် ခွဲစိတ်မှုမှာ အောင်မြင်ခဲ့ကာ ရန်းနစ်ခ်ဟာ လက်ရှိတွင် ပြန်လည်ကောင်းမွန်လာနေပြီဖြစ်ပါတယ်။

ရန်းနစ်ခ်ဟာ ဆေးရုံတက်ရသည့် အခြေအနေမှ အပြည့်အဝ ပြန်လည်ကောင်းမွန်လာပါက အလုပ်သို့ ပြန်ဝင်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ယူနိုက်တက်နည်းပြဟောင်းဟာ လက်ရှိတွင် သြစတြီးယားလက်ရွေးစင်အသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူထားပြီး ၂၀၂၆ ခုနှစ် အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုတို့တွင် ကျင်းပမည့် ကမ္ဘာ့ဖလားသို့ အသင်းကို ဦးဆောင်နိုင်ရန် မျှော်လင့်နေပါတယ်။ ရန်းနစ်ခ်ရဲ့အသင်းဟာ Group H တွင် ပထမဆုံး အုပ်စုပွဲစဉ် နှစ်ပွဲကို အနိုင်ရရှိထားပါတယ်။

သြစတြီးယား ဘောလုံးအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ သောမတ်စ် ထရူးခက်ဆစ် က "ရန်းနစ်ခ် အခြေအနေကောင်းပါတယ်။ သူ့ကျန်းမာရေးအတွက် ဘယ်သူမှ စိုးရိမ်စရာ မလိုပါဘူး" လို့ ပြောကြားခဲ့ပါတယ်။ စက်တင်ဘာလကမ္ဘာ့ဖလား ခြေစစ်ပွဲများ ပြန်လည်စတင်သောအခါ ရန်းနစ်ခ်ဟာ သြစတြီးယားအသင်းကို တာဝန်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ သြစတြီးယားဟာ စက်တင်ဘာ ၆ ရက်တွင် ဆိုက်ပရပ်စ် နှင့် ရင်ဆိုင်ရမှာဖြစ်ပြီး သုံးရက်အကြာတွင် ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား တို့နှင့် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။