
ယူနိုက်တက်မှာ ခေါင်းဆောင်မှုပြဿနာဖြစ်ပေါ်နေတယ်လို့ ထောက်ပြလာတဲ့ ရန်းနစ်ခ်
မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း ရာ့ဖ်ရန်းနစ်ခ်က အသင်းရဲ့ကျရှုံးမှုတွေနဲ့ပတ်သက်တဲ့ သူ့ရဲ့အမြင်တွေကို ဝေမျှလာခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်မှာ ခေါင်းဆောင်မှုပြဿနာဖြစ်ပေါ်နေကြောင်း မီးမောင်းထိုးပြလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ၃၈ ပွဲကစားရာမှာ ၁၁ ပွဲသာနိုင်ခဲ့ပြီး ကလပ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ ဆုဖလားဆွတ်ခူးနိုင်ခဲ့ခြင်းမရှိသလို၊ ပရီးမီးယားလိဂ်ဆုဖလားကိုလည်း စိန်ခေါ်နိုင်ဖို့ အလွန်ဝေးကွာခဲ့ပါတယ်။
ယခုအခါမှာတော့ ယူနိုက်တက်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကနေ ၂၀၂၂ ခုနှစ် မေလအထိကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြဟောင်းရန်းနစ်ခ်က အသင်းရဲ့လိုအပ်ချက်တွေကို ထောက်ပြလာခဲ့ပါတယ်။ ရန်းနစ်ခ်ဟာ ယခင်ကလည်း ယူနိုက်တက်အနေနဲ့ နှလုံးခွဲစိတ်မှုပြုလုပ်ဖို့လိုအပ်နေတယ်လို့ ပြောကြားခဲ့ဖူးသူဖြစ်ပါတယ်။
နည်းပြဟောင်းက "ကျွန်တော်သာ ယူနိုက်တက်ရဲ့ ပိုင်ရှင် ဒါမှမဟုတ် အားကစားဒါရိုက်တာဖြစ်ခဲ့ရင် လူငယ်ကစားသမားတွေပဲခေါ်ပြီး ရင်းနှီးမြှုပ်နှံလိုက်မှာပါ။ ဒါကို သူများတွေဘယ်လိုမြင်လဲမသိပေမယ့် ကျွန်တော့်အတွက်တော့ အဓိပ္ပာယ်ရှိပါတယ်။ အသက်-၂၈-၃၀ လောက်အရွယ်ကစားသမားတွေကိုခေါ်ယူဖို့ ပေါင်သန်း ၃၀-၄၀ လောက်သုံးတာကမှ အဓိပ္ပာယ်မရှိတာပါ"
"ကျွန်တော်တွက်ပြပါမယ်။ ယူနိုက်တက်က အသက်-၃၀ အရွယ်ကစားသမားကို ပေါင်သန်း ၃၀ နဲ့ခေါ်လိုက်တယ်ပဲထားပါတော့။ အဲဒီကစားသမားကို ၅ နှစ်စာချုပ်ချုပ်မယ်ဆိုရင် သူ့အတွက်ပျမ်းမျှကုန်ကျစရိတ်က တစ်နှစ်ကို ပေါင် ၁၅ သန်းလောက်ကျသွားပါမယ်။ ၅ နှစ်ဆိုရင်တော့ ၇၅ သန်းပေါ့။ စုစုပေါင်းကုန်ကျစရိတ်ဆိုရင် ပေါင်သန်း ၁၁၀-၁၂၀ လောက်ကျသွားမှာပါ။ ၅ နှစ်ကုန်သွားရင် သူက အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာသွားမှာပါ။ ဒီခေါ်ယူမှုတစ်ခုအတွက် ယူနိုက်တက်ဘက်ကသုံးလိုက်ရတဲ့ပိုက်ဆံက စုစုပေါင်း သန်း ၁၅၀ လောက်ရှိပါတယ်"
"အဲဒီပိုက်ဆံတွေကို ဘယ်တော့မှပြန်မရတော့ပါဘူး။ ကံမကောင်းရင် ကစားသမားက စာချုပ်နောက်ဆုံးနှစ်မှာ မကစားရတာတွေဘာတွေဖြစ်တတ်ပါတယ်။ ဒါက လောင်းကစားတစ်ခုလုပ်နေသလိုပါပဲ။ ကျွန်တော်သာဆိုရင် ဘယ်တော့မှဒီလိုကစားသမားခေါ်ယူမှုကို ခွင့်ပြုမှာမဟုတ်ပါဘူး။ ကျွန်တော်ထွက်လာပြီးနောက်ပိုင်း ယူနိုက်တက်ကစုစုပေါင်း ပေါင်သန်း ၈၀၀ လောက်သုံးထားပါတယ်။ ဒါပေမယ့် အသင်းကတော့ အဆင့် ၁၅ နေရာမှာပဲရှိနေပါတယ်။ နည်းပြတွေလည်း တစ်ယောက်ပြီးတစ်ယောက်လဲခဲ့ရပါတယ်။ အခုတော့ ရူဘင်အာမိုရင်ပေါ့။ သူက အရမ်းတော်တဲ့နည်းပြတစ်ယောက်ပါ။ ဒါပေမယ့် သူလည်းအလုပ်မဖြစ်တော့ရင် အခြားနည်းပြတစ်ယောက်ထပ်ရောက်လာဦးမှာပါ"
"အာမိုရင်လည်း သူ့ရဲ့အတွေးအခေါ်နဲ့ သူ့စိတ်ကြိုက်ကစားသမားသစ်တွေခေါ်မှာဖြစ်သလို၊ နည်းပြသစ်ကလည်း ကစားသမားသစ်တွေထပ်ခေါ်မှာပါပဲ။ ကျွန်တော်တို့ ၂၀၁၃ ကိုပြန်သွားဖို့လိုပါတယ်။ ဆာအဲလက်စ်ဖာဂူဆန်ထွက်သွားခဲ့တဲ့အချိန်ပေါ့။ ဆာအဲလက်စ်က အသင်းနဲ့ပတ်သက်တဲ့နေရာတိုင်းကို ထိန်းချုပ်နိုင်တဲ့သူပါ။ သူနဲ့အတူ အရေးကြီးတဲ့လူတွေကိုလည်း ယူနိုက်တက်အတွက်ခေါ်ပေးခဲ့ပါတယ်။ ဒါပေမယ့် သူထွက်သွားချိန်မှာ အဲဒီလူတွေလည်းထွက်သွားခဲ့ကြပါတယ်။ ဒါကြောင့် ပြောရမယ်ဆိုရင် ယူနိုက်တက်က ခေါင်းဆောင်မှုပြဿနာဖြစ်နေပါတယ်။ အသင်းနဲ့ပတ်သက်တဲ့အရာတွေကို ဆုံးဖြတ်ချက်ချနိုင်ဖို့နဲ့ ဘာကြောင့်ဒီလိုဆုံးဖြတ်တယ်ဆိုတာရှင်းပြနိုင်မယ့် ခေါင်းဆောင်တစ်ယောက်လိုနေပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုနွေရာသီအတွင်းမှာတော့ ယူနိုက်တက်ဟာ ပထမဆုံးကစားသမားသစ်ခေါ်ယူမှုအဖြစ် ဝုဗ်တောင်ပံကြယ်ပွင့် မားသီးယက်စ်ကွန်ဟာကို ခေါ်ယူထားခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းကိုပဲ ဆက်လက်အင်အားဖြည့်တင်းဖို့ပြင်ဆင်နေပြီး ဘရန့်ဖို့ဒ်ကြယ်ပွင့် ဘရိုင်ယန်အမ်ဘွေမိုကို ချိတ်ဆက်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ အသင်းမှထွက်ခွာသွားနိုင်ချေရှိတဲ့ကစားသမားစာရင်းမှာ တောင်ပံကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်၊ အလီဂျန်ဒရိုဂါနာချို၊ အန်တိုနီနဲ့ ဂျေဒန်ဆန်ချိုတို့ ပါဝင်နေပါတယ်။