
စာချုပ်သစ်ကိုငြင်းပယ်ပြီးနောက် အသင်းကနေထွက်ခွာတော့မယ့် ဘိုင်ယန်စတား
ဘိုင်ယန်တောင်ပံကစားသမား ဆာနေးတစ်ယောက် အသင်းရဲ့စာချုပ်သစ်ကို ငြင်းဆန်ပြီးနောက် အခုနွေရာသီမှာ ထွက်ခွာတော့မယ်လို့ သိရပါတယ်။ စကိုင်းဂျာမနီသတင်းတွေအရ ဂျာမန်သားဟာ ဘိုင်ယန်အသင်းရဲ့စာချုပ်သက်တမ်းတိုးမှုကို ငြင်းဆန်ခဲ့တယ်လို့ ဖော်ပြခဲ့ကာ အခုလအကုန်မှာ အလွတ်နဲ့ထွက်ခွာဖို့ကို ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။
ဘိုင်ယန်ဘက်က ဆာနေးတစ်ယောက်ထွက်ခွာချင်နေတယ်ဆိုတာကို ကနဦးအသိပေးထားခဲ့ပါတယ်။ ဆာနေးကို အာဆင်နယ်အသင်းက အသည်းအသန်ချိတ်ဆက်ခဲ့သေးပေမယ့် ကစားသမားကိုယ်တိုင်က တူရကီမြေကိုသာ ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။
သတင်းတွေအရ ဆာနေးတစ်ယောက် ဂါလာတာစာရေးအသင်းထံပြောင်းရွှေ့ဖို့ နှုတ်အားဖြင့်သဘောတူထားပြီလို့ သိရပါတယ်။ ဂါလာတာစာရေးအသင်းမှာ ဆာနေးအနေနဲ့ တစ်နှစ်လုပ်ခပေါင် ၈.၆ သန်းကနေ ၁၀ သန်းကြားရရှိမှာဖြစ်ပြီးမ ကြာခင်မှာ အပြောင်းအရွှေ့ကို အပြီးသတ်မှာဖြစ်ပါတယ်။
အာဆင်နယ်အနေနဲ့တော့ ဆာနေးကိုမခေါ်ယူနိုင်ခဲ့တာက သတင်းဆိုးဖြစ်လာခဲ့ပြီး နီကိုဝီလီယံအခြေအနေကို စောင့်ကြည့်နေပေမယ့် လုပ်ခလစာကြောင့် ခေါ်ယူဖို့ အခက်တွေ့နေတယ်လို့ သိရပါတယ်။ ဆာနေးကိုခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အာဆင်နယ်အနေနဲ့ ငွေကုန်ကျမှုနည်းပါးနိုင်သလို ထိပ်တန်းအဆင့်ကစားသမားလည်းရရှိမှာဖြစ်ပါတယ်။
ဂါလာတာစာရေးကိုပြောင်းတော့မှာဖြစ်တာကြောင့် ဆာနေးအနေနဲ့ ဘိုင်ယန်အသင်းနဲ့အတူ အမေရိကမြေကို လိုက်ပါဖွယ်မရှိတာဖြစ်ပါတယ်။ ဂျာမန်သားဟာ ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ ၂၂၀ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး ၁၁၆ ဂိုးပါဝင်ပတ်သက်ခဲ့ကာ ပြီးခဲ့တဲ့ရာသီတုန်းက ၁၆ ဂိုးလည်း ပါဝင်ပတ်သက်ထားခဲ့ပါတယ်။