The network connection is lost.

Banner Image

လူးဝစ်ဒီယက်ဇ်ကို ဘာကြောင့်ခေါ်ယူခဲ့သလဲဆိုတာ ရှင်းပြလိုက်တဲ့ ဘိုင်ယန်မြူးနစ်အကြီးအကဲ

ဘိုင်ယန်မြူးနစ်အားကစားဒါရိုက်တာမတ်အီဘရယ်လ်က လီဗာပူးတိုက်စစ်မှူးဟောင်းလူးဝစ်ဒီယက်ဇ်ကို အသင်းဆီခေါ်ယူဖို့ ဆုံးဖြတ်ဖြစ်ခဲ့ပုံအကြောင်း ရှင်းပြသွားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်က လီဗာပူးမှ ကိုလံဘီယာတိုက်စစ်မှူးကို ၂၀၂၉ ခုနှစ်အထိ သက်တမ်းရှိမယ့် ကာလရှည်စာချုပ်တစ်ရပ်နဲ့အတူ အပြီးသတ်ခေါ်ယူခဲ့ပါတယ်။ ဆာနေး၊ မူလာတို့လို အဓိကကစားသမားတွေ ထွက်ခွာသွားမှုနဲ့အတူ ဘွန်ဒက်စ်လီဂါဘီလူးကြီးက သူတို့ရဲ့တိုက်စစ်ပိုင်းအတွက် လျှင်မြန်မှု၊ ဖန်တီးနိုင်စွမ်းနဲ့ အတွေ့အကြုံတွေပေါင်းထည့်နိုင်ဖို့ လူးဝစ်ဒီယက်ဇ်ကို အားဖြည့်ခဲ့ပါတယ်။ မတ်အီဘရယ်လ်ကလည်း အသက်-၂၈ နှစ်အရွယ်ကစားသမားကို ထိပ်တန်းပစ်မှတ်အဖြစ် မြန်မြန်ဆန်ဆန်သတ်မှတ်ခဲ့တယ်လို့ ထုတ်ဖော်ပြောပြခဲ့ပါတယ်။

သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အီဘရယ်လ်က “ မူလာနဲ့ ဆာနေးတို့ ထွက်ခွာသွားချိန်မှာ ကျွန်တော်တို့အသင်း တိုက်စစ်ပိုင်းအတွက် တစ်ခုခုလုပ်ပေးဖို့လိုအပ်လာပြီဆိုတာ ရှင်းလင်းသွားခဲ့ပါတယ်။ အသင်းလူစာရင်းပိုင်းကို ပြန်လည်သုံးသပ်ပြီးနောက် ဘာတွေလိုအပ်နေသလဲဆိုတာကို တွေ့ရှိခဲ့ပါတယ်။ ကျွန်တော်တို့အတွက် အရှိန်အဟုန်မြှင့်၊ တစ်ဦးချင်းဖြတ်ကျော်နိုင်စွမ်းရှိ၊ ဂိုးလည်းသွင်း၊ ဂိုးဖန်တီးမှုလည်းပြုလုပ်၊ ယုံကြည်စိတ်ချရမှုလည်းရှိတဲ့ကစားသမားတစ်ဦး လိုအပ်ခဲ့ပါတယ်။ စိတ်တိုင်းကျ ပွဲကစားချိန်မိနစ်တွေပေးနိုင်မယ့် ကစားသမားမျိုးလည်း ဖြစ်ရပါမယ်။ ဒီနောက်မှာတော့ ကျွန်တော်တို့အားလုံး အတူတကွဆွေးနွေးပြီး လူးဝစ်ဒီယက်ဇ်ကို ထိပ်တန်းပစ်မှတ်အဖြစ် အလျှင်အမြန်ပဲသတ်မှတ်ခဲ့ပါတယ်။ သူ့ဆီမှာ ကျွန်တော်တို့လိုအပ်နေတဲ့အရာအားလုံး ရှိနေပါတယ်”လို့ ပြောပါတယ်။

ကစားသမားအပြောင်းအရွှေ့အတွက် လီဗာပူးနဲ့အပြင်းအထန်ဆွေးနွေးခဲ့ရပေမယ့် အီဘရယ်လ်က ကြုံတွေ့ခဲ့ရတဲ့ ပယ်ချမှုတွေအကြောင်း အရိပ်အမြွက်ပြောကြားခဲ့သလို မြူးနစ်အခြေစိုက်ကလပ်အသင်းရဲ့ မဆုတ်မနစ်ချဉ်းကပ်မှုကိုလည်း ချီးကျူးခဲ့ပါတယ်။ သူက “ လူတိုင်းအတူတကွပူးပေါင်းလုပ်ဆောင်မှသာ အဆင်ပြေပါလိမ့်မယ်။ အားကစားစီမံခန့်ခွဲမှုအပိုင်းမှတဆင့် ဦးစီးဦးဆောင်ပိုင်းအထိ စေ့စေ့စပ်စပ်ကြိုးစားအားထုတ်ခဲ့ပါတယ်။ လူတိုင်းကလည်း ဒီအပြောင်းအရွှေ့ကို ဖြစ်မြောက်လာအောင် လုပ်ချင်ကြပါတယ်။ ကျွန်တော်တို့ရဲ့ကမ်းလှမ်းမှုအပေါ် ငြင်းပယ်ခဲ့သူတွေကတော့ ကျွန်တော်တို့ကို တစိတ်တပိုင်းအားဖြင့် ရယ်မောနေကြပါလိမ့်မယ်။ တကယ်လည်း တခါတရံတော့ ရယ်မောစရာတွေ ဖြစ်နေခဲ့ပါတယ်”လို့ ပြောပါတယ်။

ဒဏ်ရာကြောင့် မူစီယာလာ ကာလရှည်အနားယူရမှုနဲ့အတူ ဆာနေး၊ မူလာတို့ ထွက်ခွာသွားတဲ့ ဘာဗေးရီးယန်းကလပ်အသင်းရဲ့တိုက်စစ်ပိုင်းအတွက် အသက်-၂၈ နှစ်အရွယ်ကိုလံဘီယာသားက ကောင်းမွန်တဲ့အင်အားဖြည့်တင်းမှုတစ်ခု ဖြစ်လာပါလိမ့်မယ်။ လူးဝစ်ဒီယက်ဇ်က လီဗာပူးကစားသမားဘဝမှာလည်း ၁၄၈ ပွဲကစား၊ ၄၁ ဂိုးသွင်း၊ ၂၃ ကြိမ်ဂိုးဖန်တီးကာ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားအပါအဝင် ဆုဖလားလေးလုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။ လက်ရွေးစင်အဆင့်မှာလည်း သူက ၂၀၂၁ ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ပူးတွဲရွှေဖိနပ်ဆုရှင်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီယက်ဇ်က ဘိုင်ယန်မြူးနစ်မှာ ကျောနံပါတ်-၁၄ ဂျာစီအင်္ကျီကို ဝတ်ဆင်သွားပါမယ်။

သြဂုတ် ၁၆ ရက်၊ စတုဂတ်နဲ့ရင်ဆိုင်ရမယ့် ဂျာမန်စူပါဖလားပွဲစဉ်မတိုင်ခင် ဘိုင်ယန်မြူးနစ်က လိုင်ယွန်၊ တော့တင်ဟမ်၊ ဂရက်စ်ဟော့ပါတို့နဲ့ ခြေစမ်းပွဲစဉ်တွေ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားပါတယ်။