
အာဆင်နယ်ကိုကျော်ပြီး ဂါလာတာစာရေးကို ဘာကြောင့်ရွေးချယ်ရလဲဆိုတာကို ဆာနေး ထုတ်ဖော်ပြောကြား
ဘိုင်ယန်တောင်ပံကစားသမား ဆာနေးတစ်ယောက် ကမ်းလှမ်းမှုတွေအများကြီးလက်ခံရရှိခဲ့ပေမယ့် ဂါလာတာစာရေးက သူ့အတွက်အဆင်ပြေတဲ့အသင်းဖြစ်သလို စိတ်ဝင်စားမှုလည်းအရှိဆုံးဖြစ်တာကြောင့် ရွေးချယ်ခဲ့တာလို့ ပြောကြားလိုက်ပါတယ်။
အသက် ၂၉ နှစ်သားဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ တူရကီမြေကိုပြောင်းရွှေ့တော့မှာဖြစ်ပြီး အစ္စတန်ဘူလ်ကိုရောက်ရှိနေပြီလို့ သိရပါတယ်။ ဆာနေးရဲ့လည်ပင်းတစ်ဝိုက်မှာ ဂါလာတာစာရေးရဲ့ပဝါကိုပတ်ထားတဲ့ပုံတွေတက်လာခဲ့ပြီး ပရိသတ်တွေက အာတက်ခ်လေယာဉ်ကွင်းအပြင်ဘက်မှာ စောင့်ဆိုင်းနေကြတယ်လို့ သိရပါတယ်။
ဘိုင်ယန်ဘက်က ဆာနေးကို စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားဘက်က ပယ်ချခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အေးဂျင့်ပီနီကိုပြောင်းလဲပြီးနောက်မှာတော့ ဆာနေးအခြေအနေက ပြောင်းလဲလာခဲ့ပြီး ဂါလာတာစာရေးအသင်းထံပြောင်းရွှေ့ဖို့ ဖြစ်လာခဲ့ကာ တစ်နှစ်ကို ပေါင် ၁၁ သန်းအထိ ရရှိမှာဖြစ်ပါတယ်။
“ဒီမှာရှိတဲ့ပရိသတ်အင်အားက အမြဲတမ်းအံ့ဖွယ်အနေအထားပါ။ အဲ့တာက အရမ်းအရမ်းကို ကျယ်လောင်ပါတယ်။ ဒါကြောင့် ကျွန်တော် ဒီကိုရွေးချယ်ခဲ့တာပါ။ ကျွန်တော်ပရိသတ်တွေကိုရှေ့မှာ ပထမဆုံးပွဲကန်ဖို့ မစောင့်နိုင်အောင်ဖြစ်နေပါပြီ”လို့ ဖြေကြားခဲ့ပါတယ်။
ဆာနေးကို အာဆင်နယ်အပါအဝင် အသင်းတော်တော်များများက ချိတ်ဆက်ခဲ့သေးတာဖြစ်ပြီး လန်ဒန်ကိုပြောင်းဖို့ စိတ်ဝင်စားခဲ့သေးတာဖြစ်ပါတယ်။ ဒါပေမယ့် အက်သလက်တစ်သတင်းဌာနရဲ့အဆိုအရ အာဆင်နယ်ဟာ ဆာနေးကိုခေါ်ယူဖို့ လုံလောက်တဲ့အားထုတ်မှုမလုပ်ခဲ့ဘူးလို့ ဖော်ပြခဲ့ပါတယ်။
“ကမ်းလှမ်းမှုတွေအများကြီးရှိပါတယ်။ ဒါပေမယ့် ဂါလာတာစာရေးအသင်းက ကျွန်တော့်ကိုပိုလိုချင်ခဲ့တာပါ။ သူတို့ပရိသတ်အားပေးမှု ၊ အသင်းအနေအထား ၊ ကျွန်တော့်ကိုဘယ်လောက်လိုချင်လဲဆိုတာ သိသာနေပါတယ်။ အဲ့တာကြောင့် ဂါလာတာစာရေးအသင်းကိုရွေးချယ်ခဲ့တာပါ။ လေဆိပ်အပြင်ဘက်မှာစောင့်နေတဲ့ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ အဲ့တာက ကျွန်တော့်အတွက် အဓိပ္ပာယ်အများကြီးရှိစေပါတယ်။ ကျွန်တော် ပထမဆုံးပွဲကို မစောင့်နိုင်အောင်ဖြစ်နေပါပြီ”လို့ ဆာနေးက ပြောကြားခဲ့ပါတယ်။
ဆာနေးဟာ ဘိုင်ယန်အသင်းနဲ့အတူ ၅ နှစ်တာကာလအတွင်းမှာ ဘွန်ဒက်စ်လီဂါ ၄ ကြိမ် ၊ ဂျာမန်စူပါဖလား ၂ ကြိမ် ၊ ယူအီအက်ဖ်အေစူပါဖလား နဲ့ ကလပ်ကမ္ဘာ့ဖလားတွေရယူနိုင်ခဲ့ပါတယ်။ စီးတီးစတားဟောင်းဟာ ဘိုင်ယန်အတွက် ပွဲ ၂၂၀ မှာ ၆၁ ဂိုးသွင်း ၊ ၅၅ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ ဂါလာတာစာရေးအသင်း နဲ့ ဆာနေးတို့ကြား ၃ နှစ်စာချုပ်ချုပ်ဆိုဖွယ်ရှိနေတယ်လို့ သိရပါတယ်။