
လက်ရှိ အသင်းကစားသမားစာရင်းကို အရောင်းတင်ခဲ့ပြီးနောက် လာလီဂါဇယား အောက်ခြေရောက်သွားတဲ့ ဆီဗီလာ
ဆီဗီလာအတွက် ဖရိုဖရဲဖြစ်နေတဲ့ နွေရာသီကာလအတွင်းမှာပဲ ယူရိုပါလိဂ် လက်ရှိချန်ပီယံတွေဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ လာလီဂါပြိုင်ပွဲရဲ့ အမှတ်ပေးဇယားအောက်ခြေဆီ ရောက်ရှိသွားခဲ့ပါပြီ။
တန်းဆင်းဇုန်တဝိုက် ရုန်းကန်ခဲ့ရတဲ့ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီကတော့ ဆီဗီလာအတွက် မမေ့နိုင်စရာပါ။ ဒါပေမယ့် သူတို့က မော်ရင်ဟိုရဲ့ရိုးမားကို အနိုင်ယူပြီး ယူရိုပါလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အခုလို ဥရောပအဆင့်အောင်ပွဲတစ်ခုကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် လက်ရှိနွေရာသီ အခင်းအကျင်းကတော့ ဆီဗီလာအတွက် အတော်လေးကို ဖရိုဖရဲဖြစ်နေခဲ့ပါတယ်။
ပြီးခဲ့တဲ့ဇွန်လအတွင်း MARCA သတင်းတစ်ရပ်ရဲ့အဆိုအရ ဆီဗီလာဥက္ကဋ္ဌ ပီပီကတ်စ်ထရိုက နည်းပြမန်ဒီလီဘာကို အသင်းရဲ့ကြွေးမြီပမာဏယူရိုသန်း ၉၀ အထိ ရှိနေပြီလို့ရှင်းပြခဲ့ကြောင်း သိရပါတယ်။ ဒီလိုကြွေးမြီပြဿနာတွေကို ရှင်းလင်းနိုင်ဖို့အရေးမှာ ယူရိုပါလိဂ်ချန်ပီယံအသင်းကစားသမားတွေကို အရောင်းစာရင်းတင်ရမယ်လို့ ဆုံးဖြတ်ခဲ့မှုကို MARCA ရဲ့သတင်းမှာ ဆက်လက်ဖော်ပြခဲ့ပါတယ်။
ကလပ်အသင်းအနေဖြင့် အဓိကကစားသမားတစ်ဦး၊ နှစ်ဦးလောက် ရောင်းချရုံဖြင့် ဒီကြွေးမြီပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ဘဲ ကစားသမားအားလုံးရောင်းချဖို့ လိုအပ်ကြောင်း ယုံကြည်ထားတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဆီဗီလာက အဓိကဂိုးသမားဘိုနိုတစ်ဦးတည်းကိုသာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်ဆီ ပြောင်းရွှေ့ကြေးယူရို ၂၁ သန်းဖြင့် ရောင်းချထားနိုင်ပါတယ်။ အခုလို ကွင်းပြင်ပအခြေအနေတွေကြောင့် အသင်းရဲ့ကွင်းတွင်းရလဒ်ပိုင်းတွေလည်း ထိခိုက်လာရပါတယ်။
လက်ရှိ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ၊ လာလီဂါပြိုင်ပွဲမှာ ဆီဗီလာက ဗလန်စီယာ၊ အလာဗက်စ်နဲ့ ဂျီရိုနာတို့ကို အရေးနိမ့်ကာ အမှတ်ပေးဇယားအောက်ဆုံးနေရာဆီ ရောက်ရှိသွားခဲ့ပါတယ်။ ဒါ့အပြင် မန်စီးတီးနဲ့ ရင်ဆိုင်ရတဲ့ ဥရောပစူပါဖလား ပွဲစဉ်မှာလည်း ဆီဗီလာက ပုံစံကောင်းပြသနိုင်ခဲ့ပေမယ့် ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အရေးနိမ့်ခဲ့ရပြန်ပါတယ်။
ဆီဗီလာနည်းပြ မန်ဒီလီဘာကတော့ ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း နည်းပြသစ်အဖြစ် အသင်းဆီရောက်ရှိလာချိန် ကြုံတွေ့ခဲ့ရပုံကို လတ်တလောအင်တာဗျူးတစ်ခုမှာ ဖွင့်ဟခဲ့ပါတယ်။
UEFA ဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် သူက “ကျွန်တော် အသင်းဆီရောက်ရှိလာချိန်မှာ စိတ်ဓါတ်တွေ အတော်လေးကျဆင်းပြီး ခေါင်းငိုက်စိုက်ကျနေတဲ့ ကစားသမားတွေကို မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော်က သူတို့ကို ရှုပ်ထွေးလွန်းနေတဲ့ ကိစ္စရပ်တွေကို မစဉ်းစားဘဲ ရိုးရိုးရှင်းရှင်းသာ ပြုမူနေထိုင်ဖို့၊ သက်သောင့်သက်သာရှိနေဖို့ တောင်းဆိုခဲ့ပြီး ကစားသမားတွေကလည်း ဒီအပေါ်မှာ နားလည်နိုင်ခဲ့ပါတယ်။ ရလဒ်တွေ တိုးတက်လာပြီးနောက် ဒီလိုအရာတွေကပဲ ကျွန်တော်တို့ရဲ့လုပ်နိုင်စွမ်းအပေါ် ယုံကြည်ဖို့ အခွင့်အလမ်းတွေ ပေးလာခဲ့ပါတယ်။ ကျွန်တော်ကတော့ အပေါင်းလက္ခဏာဆောင်တဲ့အရာတွေကိုပဲ မြင်တွေ့ခဲ့ပြီး အနုတ်လက္ခဏာဆောင်တဲ့အရာတွေကို မမြင်တွေ့ခဲ့ရပါဘူး။ ကျွန်တော်ရဲ့နည်းပြသက်တမ်းတလျှောက် အကောင်းဆုံး လူစာရင်းဖြစ်တယ်ဆိုတာကို ကစားသမားတွေ နားလည်လာဖို့ကိုပဲ အမြဲတမ်းကြိုးစားခဲ့ပါတယ်”လို့ ပြောပါတယ်။