
တော့တင်ဟမ်အသင်းကနေ ထွက်ခွာတော့မယ့် ဆွန်ဟောင်မင်
တော့တင်ဟမ်ဟော့အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဟာ အသင်းကနေ ထွက်ခွာခွင့်တောင်းခံလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
ဆွန်ဟောင်မင်ဟာ တော့တင်ဟမ်အသင်းမှာ အချိန်အတန်ကြာ ကစားခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ သူချစ်တဲ့အသင်းနဲ့ လမ်းခွဲဖို့ အချိန်ရောက်လာခဲ့ပါပြီ။ တနင်္ဂနွေနေ့ ဆိုးလ်မှာ နယူးကာဆယ်အသင်းနဲ့ ကစားမယ့်ခြေစမ်းပွဲက ဆွန်ဟောင်မင် တော့တင်ဟမ်အတွက် နောက်ဆုံးကစားပေးမယ့်ပွဲစဉ်ဖြစ်လာဖွယ်ရှိနေပါတယ်။
အထူးသဖြင့် ဆွန်ဟောင်မင်ရဲ့ မွေးရပ်မြေ တောင်ကိုရီးယားမှာ ပရိသတ် ၆၆,၀၀၀ အပြည့်နဲ့ ကစားရမှာဖြစ်တဲ့အတွက် ကစားသမားအတွက်ရော၊ ကလပ်အသင်းအတွက်ရော၊ ပရိသတ်တွေအတွက်ပါ ကြီးမားတဲ့ နှုတ်ဆက်ပွဲကြီးတစ်ခုဖြစ်လာမှာပါ။
အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူးဟာ ၂၀၁၅ ခုနှစ်ကတည်းက တော့တင်ဟမ်မှာ ရှိနေခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အမေရိကန် မေဂျာလိဂ်ကလပ် LAFCထံ ပြောင်းရွှေ့ဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။
ဆော်ဒီကလပ်တွေရဲ့ ကမ်းလှမ်းမှုထက် ငွေကြေးအကျိုးအမြတ်နည်းပေမဲ့ ဘောလုံးကစားသမားဘဝ ပြီးဆုံးရင် အမေရိကန်မှာ နေထိုင်ဖို့နဲ့ အတွေ့အကြုံရယူလိုတဲ့ဆန္ဒပြင်းပြနေတာကြောင့် အခုလို ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
တော့တင်ဟမ်နည်းပြသစ် သောမတ်စ်ဖရန့်ခ်ကလည်း ဆွန်ဟောင်မင်ရဲ့ ဆန္ဒတွေကို အသိအမှတ်ပြုခဲ့ပြီး အနာဂတ်ရည်မှန်းချက်တွေနဲ့ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။
ဆွန်ဟောင်မင်ဟာ ၂၀၁၅ ခုနှစ်မှာ ဂျာမန်ကလပ် ဘိုင်ယန် လေဗာကူဆင်မှ ပေါင် ၂၂ သန်းနဲ့ စပါးအသင်းကိုပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းအတွက် အဓိကကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။
တောင်ကိုရီးယားတိုက်စစ်မှူးဟာ တော့တင်ဟမ်အသင်းအတွက် ပွဲပေါင်း ၄၅၄ ပွဲအထိ ကစားပေးခဲ့ပြီး စုစုပေါင်း ဂိုးပေါင်း ၁၇၃ ဂိုးအထိ သွင်းယူပေးခဲ့ကာ ကလပ်ရဲ့သမိုင်းမှာ အရေးပါတဲ့ကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။