
ဘယ်တုန်းကမှ မရရှိဖူးသေးတဲ့ ကစားသမားဘဝအဓိကရည်မှန်းချက်အကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ဒမ်ဘီလီ
ပီအက်စ်ဂျီနဲ့အတူ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီကို အံ့အားသင့်ဖွယ်ဖြတ်သန်းလာခဲ့ပြီးနောက် ဒမ်ဘီလီက ဘော်လွန်းဒီအော်ဆုရှင်ဖြစ်လာဖို့ မျက်စိကျနေပါတယ်။ ဒမ်ဘီလီက ဘော်လွန်းဒီအော်ဆုကို ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားအဖြစ် အသိအမှတ်ပြုမှုလို့ ယူဆထားပြီး ကစားသမားဘဝမှာ အလိုချင်ဆုံးဆုတံဆိပ်ဖြစ်တယ်လို့ ရှင်းပြလိုက်ပါတယ်။ ဒါ့အပြင် သူက ဂုဏ်သိက္ခာကြီးမားလှတဲ့ တစ်ဦးချင်းထူးချွန်ဆုကို ထူးခြားမှုတစ်ခုအဖြစ် တင်စားလိုက်ပြီး ငယ်ဘဝအိပ်မက်တစ်ခုလို ပုံသွင်းထားခဲ့တယ်လို့ ဆိုပါတယ်။
ပီအက်စ်ဂျီအသင်းရဲ့ သမိုင်းဝင်ဆုဖလားသုံးလုံးအောင်ပွဲမှာ ဦးဆောင်သူအဖြစ် ပါဝင်ခဲ့ပြီးနောက် ဒမ်ဘီလီက လာမယ့်စက်တင်ဘာလ၊ ပါရီမြို့မှာကျင်းပမယ့် အခမ်းအနားအတွင်း ဘော်လွန်းဒီအော်ဆုရှင်ဖြစ်လာဖို့ ရေပန်းစားလာခဲ့ပါတယ်။ အခုဘောလုံးရာသီတလျှောက်လုံး ၄၉ ပွဲပါဝင်ကစားကာ ဂိုးပါဝင်ပတ်သက်မှု ၄၈ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တဲ့ ဒမ်ဘီလီက ပီအက်စ်ဂျီရဲ့အောင်ပွဲအတွက် ကြီးမားတဲ့အကျိုးသက်ရောက်မှုကို ပြသခဲ့ပြီး အခုနှစ်မေလအတွင်းမှာပဲ ချန်ပီယံလိဂ်ဆုဖလားကို ပထမဆုံးအကြိမ် ကိုင်မြှောက်နိုင်ခဲ့ပါတယ်။
France Football နဲ့တွေ့ဆုံချိန် ဒမ်ဘီလီက “ ဘောလုံးသမားတစ်ဦးအတွက် ဘော်လွန်းဒီအော်ဆုရှင် ဖြစ်ဖို့ဆိုတာ တစ်ဦးချင်းအရ အမြင့်ဆုံးဂုဏ်ပြုပေးမှု ဖြစ်ပါတယ်။ ဒါက ငယ်ဘဝအိပ်မက်တစ်ခုလည်း ဖြစ်ပါလိမ့်မယ်။ ဘော်လွန်းဒီအော်ဆုရှင်တွေစာရင်းကို မြင်တွေ့လိုက်ရချိန် အံ့အားသင့်မှင်သက်မိခဲ့ပုံကို ကျွန်တော် ပြန်အမှတ်ရမိနေပါတယ်။ ဒီဆုက ထူးခြားပါတယ်။
အရင်ဆုံးဆန်ကာတင်ကစားသမား ၃၀ ဦးစာရင်းမှာပါဝင်လာဖို့ မျှော်လင့်မိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒဏ်ရာပြဿနာ၊ ဆိုးရွားတဲ့စွမ်းဆောင်ရည်တွေနဲ့အတူ ခက်ခဲတဲ့နှစ်ကာလအပိုင်းအခြားအချို့ကို ဖြတ်သန်းခဲ့ဖူးပါတယ်။အခုဘောလုံးရာသီမှာတော့ ကျွန်တော့်ရဲ့စွမ်းဆောင်ရည် အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။ ဆန်ကာတင်စာရင်းမှာ ပါဝင်လာတယ်ဆိုတာကိုက ထူးခြားလွန်းနေပါပြီ။ ဘော်လွန်းဒီအော်ဆုကို တစ်နေ့မှာ ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ထားတယ်ဆိုရင်တောင် ရေပန်းအစားဆုံးသူတွေအနက် တစ်ဦးအဖြစ်ပါဝင်နေခြင်းကိုက ကြီးမားတဲ့အောင်ပွဲတစ်ခု ဖြစ်နေပါပြီ”လို့ ပြောပါတယ်။
ဆက်လက်ပြီး ဒမ်ဘီလီက ပြီးခဲ့တဲ့ဘောလုံးရာသီငါးခုစုစုပေါင်းထက် ဂိုးပိုသွင်းယူနိုင်ခဲ့တဲ့ ဘောလုံးရာသီတလျှောက်လုံး ပြုလုပ်ခဲ့တဲ့ ရိုးရှင်းတဲ့ ပွဲကြိုပြင်ဆင်မှုတစ်ခုအကြောင်း ထုတ်ပြောလာခဲ့ပါတယ်။ သူက “ ဘောလုံးရာသီစတင်လိုက်ပြီဆိုကတည်းက ကျွန်တော်က ပွဲစဉ်တိုင်းမှာ သုံးဂိုးသွင်းမယ်ဟေ့လို့ ကိုယ့်ကိုယ်ကိုယ်ပြောပြီး စတင်ကစားခဲ့ပါတယ်။ တစ်ဂိုး၊ နှစ်ဂိုးလောက် သွင်းဖြစ်တယ်ဆိုတာလည်း ကောင်းပါတယ်”လို့ ရှင်းပြပါတယ်။
ဒမ်ဘီလီရဲ့အကောင်းဆုံးဘောလုံးရာသီက အခုထက်တောင် ပိုကောင်းလာမယ့် အလားအလာတွေလည်း ရှိနေပါသေးတယ်။ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် ပီအက်စ်ဂျီနဲ့အတူ ဒမ်ဘီလီက ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် စတုတ္ထမြောက်ဆုဖလားတစ်လုံး ထပ်မံရရှိနိုင်မယ့် အလားအလားတွေ အားကောင်းနေပါတယ်။ ဒီပြိုင်ပွဲမှာ သူ့ရဲ့ဘော်လွန်းဒီအော်ဆုပြိုင်ဘက်တွေဖြစ်တဲ့ ရာဖင်ဟာ၊ ယာမယ်လ်နဲ့ မိုဆာလက်တို့လည်း မပါဝင်နိုင်လို့ ဘော်လွန်းဒီအော်ဆုရှင်ဖြစ်လာနိုင်ရေး အခွင့်အလမ်းကောင်းတွေ ပြည့်နှက်နေပါတယ်။