
ကလပ်ကမ္ဘာ့ဖလားက ကစားသမားတွေကို အားလပ်ရက် စတေးရန် အတင်းအကျပ် ဖိအားပေးနေတယ်လို့ ရာဖင်ဟာဝေဖန်
ဘာစီလိုနာတိုက်စစ်မှူး ရာဖင်ဟာက ချဲ့ထွင်ထားတဲ့ ကလပ်ကမ္ဘာ့ဖလားပုံစံကို လူသိရှင်ကြားဝေဖန်ခဲ့ပြီး ကစားသမားတွေအနေနဲ့ သင့်လျော်တဲ့ ညှိနှိုင်းမှုမရှိဘဲ အရေးပါတဲ့ အားလပ်ရက်အချိန်တွေကို စွန့်လွှတ်ပြီး ပြိုင်ပွဲမှာပါဝင်ဖို့ "အတင်းအကျပ်" ဖိအားပေးခံနေရတယ်လို့ ပြောကြားခဲ့ပါတယ်။
ဘရာဇီးလက်ရွေးစင်က ဒီပွဲစဉ်ဇယားက ကစားသမားတွေရဲ့ အခြေခံနားပိုင်ခွင့်ကို လျစ်လျူရှုတာဖြစ်တယ်လို့ ငြင်းခုံခဲ့ပါတယ်။ ချဲ့ထွင်ထားတဲ့ ကလပ်ကမ္ဘာ့ဖလားရဲ့ ပထမဆုံးအကြိမ်ပြိုင်ပွဲက ဇွန်လ ၁၄ ရက်နေ့မှာ စတင်ခဲ့ပြီး ဇူလိုင်လ ၁၃ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။ ဥရောပလိဂ်ရာသီကုန်ဆုံးပြီး နိုင်ငံတကာပွဲစဉ်တွေရှိနေတဲ့ကြားက ဒီလိုပြိုင်ပွဲတွေ ကျင်းပမှုနဲ့ပတ်သက်ပြီး ကစားသမားတွေနဲ့ နည်းပြတွေဆီကနေ ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ရာဖင်ဟာက"ဥရောပအသင်းတစ်သင်းအတွက် ကစားတဲ့သူတစ်ယောက်အနေနဲ့ပြောရရင် ကျွန်တော်တို့က (လက်ရှိ) အားလပ်ရက်ယူနေရမှာပါ" လို့ ပြောကြားခဲ့ပါတယ်။ ရာဖင်ဟာက ပီအက်စ်ဂျီကစားသမားတွေဖြစ်တဲ့ မာကွင်ဟို့စ်နဲ့ နူနိုမန်ဒက်စ်တို့လို ကစားသမားတွေရဲ့ အခက်အခဲကို မီးမောင်းထိုးပြခဲ့ပါတယ်။
ချန်ပီယံလိဂ်ဖလားရခဲ့ပေမယ့် နိုင်ငံတကာအသင်းအတွက် ကစားရပြီးနောက် ကလပ်ကမ္ဘာ့ဖလားမှာ ဆက်လက်ကစားရတဲ့အတွက် "ကောင်းကောင်းတောင် မနားခဲ့ကြရပါဘူး။ သူတို့ ဘယ်တော့မှ နားရမှာမဟုတ်ဘူး" လို့လည်း ရာဖင်ဟာက မှတ်ချက်ပြုခဲ့ပါတယ်။
ဘာစီလိုနာတောင်ပံကစားသမားက ကစားသမားတွေရဲ့ အခွင့်အရေးကို ပြတ်ပြတ်သားသား အခိုင်အမာပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ရာဖင်ဟာက "အများစုက ဒါဟာ ဆင်ခြေပေးတာလို့ပြောပါတယ်။ ဖြစ်နိုင်သလို မဖြစ်နိုင်တာလည်း ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အားလပ်ရက်တွေကို မဖြစ်မနေစွန့်လွှတ်ရတာက အရမ်းရှုပ်ထွေးပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အခွင့်အရေးပါ။ လူတိုင်း အနည်းဆုံး တစ်လ အားလပ်ရက်ရသင့်ပါတယ်။ ဒါပေမဲ့ အများစုကတော့ မရကြပါဘူး" လို့ ဆိုပါတယ်။
ရာဖင်ညာက ပြိုင်ပွဲအသစ်အတွက် ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ကစားသမားတွေကို ထည့်သွင်းစဉ်းစားခြင်းမရှိတာကို အထူးဝေဖန်ခဲ့ပါတယ်။ "ဘယ်အချိန်မှာမှ ကစားသမားတွေကို သူတို့လိုချင်လား မလိုချင်လားဆိုတာ မမေးခဲ့ပါဘူး။ ဒါက ကျွန်တော်တို့ လက်ခံဖို့ ဆုံးဖြတ်ရမှာပါ။ အားလပ်ရက်ကို စွန့်လွှတ်ပြီး ပြိုင်ပွဲအသစ်မှာ ကစားရတာက အရမ်းရှုပ်ထွေးပါတယ်။ ဘောလုံးက တခြားအလုပ်တွေလိုပဲ အလုပ်တစ်ခုပါပဲ။ ကျွန်တော်တို့ နားဖို့ လိုအပ်ပါတယ်။နားနားနေနေ မရှိဘဲ ဒီလိုပြင်းထန်တဲ့ ကစားသမားဘဝကို ဆက်ထိန်းထားလို့မရပါဘူး။"ရာဖင်ဟာက ပြောသွားခဲ့ပါတယ်။