
ဘက်စ်ကွက်စ်အနားယူမယ်ဆိုတဲ့သတင်းတွေက အတည်မဟုတ်သေးကြောင်း ပြောကြားလာတဲ့ မာရှေယာနို
အင်တာမီယာမီနည်းပြ ဂျာဗီယာမာရှေယာနိုက အသင်းရဲ့ကွင်းလယ်လူ ဆာဂျီယိုဘက်စ်ကွက်စ်ဟာ ကစားသမားဘဝက အနားယူတော့မယ်လို့ ကောလာဟလတွေထွက်ပေါ်ထားပေမယ့် သူ့ကိုတော့ လာရောက်အသိပေးထားခြင်းမရှိသေးတာကြောင့် အတည်ပြု လို့မရသေးကြောင်း အသိပေးပြောကြားလာခဲ့ပါတယ်။
ဘက်စ်ကွက်စ် ကစားသမားဘဝမှ အနားယူတော့မယ်ဆိုတဲ့သတင်းတွေနဲ့ ပတ်သက်ပြီး မာရှေယာနိုက "ကျွန်တော်လည်း သတင်းတွေမှာ အဲဒီလိုဖတ်ရပါတယ်။ ဒါပေမယ့် အတည်ပြုထားတာတော့မရှိသေးပါဘူး။ ကျွန်တော်က ကောလာဟလတွေနဲ့ပတ်သက်ပြီး ကစားသမားတွေကို မေးခွန်းထုတ်လေ့မရှိပါဘူး။ ဘက်စ်ကွက်စ်ကအသင်းမှာ ရာသီကုန်အထိဆက်နေဖို့ တာဝန်ရှိပါတယ်။ ထင်ကြေးတွေကို ကျွန်တော်တို့ အာရုံမစိုက်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ဘက်စ်ကွက်စ်ဟာ လက်ရှိရာသီမေဂျာလိဂ်မှာ တတိယမြောက် လစာအမြင့်ဆုံးကစားသမားဖြစ်ပြီး အင်တာမီယာမီသို့စတင်ရောက်ရှိလာကတည်းက အသင်းအပေါ် သူ့ရဲ့အကျိုးသက်ရောက်မှုကို သိသိသာသာပြသထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ စပိန်လက်ရွေးစင်ဟောင်းဟာ ဘာစီလိုနာအသင်းဖော်ဟောင်း လီယွန်မက်ဆီနဲ့ ရှေ့ဆင့်နောက်ဆင့်ပဲ အင်တာမီယာမီသို့ ပြောင်းရွှေ့ခဲ့ကာ လက်ရှိအချိန်မှာတော့ ဂိုးဖန်တီးမှု ၁၄ ကြိမ်ပြုလုပ်ပြီး သွင်းဂိုး ၁ ဂိုးသွင်းယူပေးထားနိုင်ပါတယ်။
အသက်-၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘက်စ်ကွက်စ်ဟာ မီယာမီနဲ့ ဒီဇင်ဘာလအထိသာ စာချုပ်ကျန်ရှိတော့တာဖြစ်ပြီး အသင်းဘက်က စာချုပ်သစ်ကမ်းလှမ်းဖို့ အရိပ်အယောင်မပြတာကြောင့် ကစားသမားဘဝမှ အနားယူရဖို့ အလားအလာများနေပါတယ်။ မီယာမီအနေနဲ့ အက်သလက်တီကိုကြယ်ပွင့် ရိုဒရီဂိုဒီပေါလ်ကို အငှားစာချုပ်နဲ့ခေါ်ယူထားနိုင်တာကြောင့် ဘက်စ်ကွက်စ်ကို စာချုပ်သက်တမ်းမတိုးဖို့ ဆုံးဖြတ်ထားပုံရတယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။လက်ရှိဒီပေါလ်ရဲ့အငှားစာချုပ်အရ အင်တာမီယာမီဟာ ကစားသမားကို ရာသီကုန်မှာ အပြီးသတ်ခေါ်ယူခွင့်လည်း ရရှိထားတာဖြစ်ပါတယ်။
ဘက်စ်ကွက်စ်ဟာ ကစားသမားဘဝသက်တမ်းတစ်လျှောက် စုစုပေါင်း ဆုဖလားအရေအတွက် ၃၇ လုံးအထိ ဆွတ်ခူးထားနိုင်ခဲ့သူဖြစ်ပါတယ်။ ကစားသမားဟာ ကမ္ဘာ့ဖလား၊ ဥရောပချန်ပီယံရှစ်ဖလား၊ ချန်ပီယံလိဂ်ဖလား ၃ ကြိမ်၊ လာလီဂါဖလား ၉ ကြိမ်နဲ့ မေဂျာလိဂ်မှာ လိဂ်ဖလား ၁ ကြိမ်တို့ကို ဆွတ်ခူးထားခဲ့ပါတယ်။ ယခုရာသီအကုန်မှာတော့ စပိန်သားအနေနဲ့ မီယာမီနဲ့အတူ မေဂျာလိဂ်ဖလားကို အရယူပြီး ကစားသမားဘဝကိုအဆုံးသတ်နိုင်ဖို့ ရည်ရွယ်ထားပုံပေါ်ပါတယ်။
လာမယ့်ကြာသပတေးနေ့မှာတော့ မီယာမီဟာ မေဂျာလိဂ်ပွဲစဉ်အဖြစ် နယူးယောက်အက်ဖ်စီနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ အင်တာမီယာမီဟာ ရမှတ် ၅၂ မှတ်နဲ့ မေဂျာလိဂ်အမှတ်ပေးဇယားရဲ့ ပဉ္စမနေရာမှာရပ်တည်နေပြီး ပွဲကျန် ၃ ပွဲကစားဖို့ ကျန်ရှိနေပါတယ်။