
လက်ရှိစပိန်မျိုးဆက်ဟာ စိတ်ကူးထားတာတွေထက် ကျော်လွန်ပြီးတိုးတက်နိုင်စွမ်းရှိတယ်လို့ ဖွန်တေ ချီးကျူး
စပိန်လက်ရွေးစင်နည်းပြ လူးဝစ်ဒီလာဖွန်တေက လက်ရှိစပိန်အသင်းရဲ့ကစားသမားမျိုးဆက်ဟာ သူ့ရဲ့စိတ်ကူးတွေထက် ကျော်လွန်ပြီး အဆုံးမရှိတဲ့ စွမ်းဆောင်ရည်အထိ တိုးတက်နိုင်စွမ်းရှိတယ်လို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့ညက စပိန်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် တူရကီကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ခဲ့ရပေမယ့် ၀-၆ ဆိုတဲ့ ပြတ်သားတဲ့အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့တာကြောင့် ဖွန်တေက အခုလိုပဲ ချီးကျူးခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ စပိန်အတွက် အာဆင်နယ်ကွင်းလယ်မီခေးမီရီနိုကို ဟက်ထရစ်၊ ဘာစီလိုနာကွင်းလယ်လူ ပီဒရီက ၂ ဂိုးအထိသွင်းယူနိုင်ခဲ့သလို ပါရမီရှင်ကစားသမားလေး လာမိုင်းယာမယ်လ်ကလည်း ဂိုးဖန်တီးမှု ၂ ကြိမ်အထိပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် စပိန်ဟာ ဥရောပဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုအတွင်း ၂ ပွဲကစား ရဂိုး ၉ ဂိုး၊ ပေးဂိုးမရှိ၊ ရမှတ် ၆ မှတ်နဲ့ အုပ်စုကို ထိပ်ဆုံးကနေ ပြတ်ပြတ်သားသားဦးဆောင်ထားနိုင်ပါတယ်။ တူရကီနဲ့ပွဲစဉ်မှာ မီရီနို၊ ပီဒရီနဲ့ ယာမယ်လ်တို့ ခြေစွမ်းပြနိုင်ခဲ့ရုံသာမက တိုက်စစ်မှူး အိုယာဇာဘယ်လ်ကလည်း ဂိုးဖန်တီးမှု ၃ ကြိမ်အထိပြုလုပ်နိုင်ခဲ့သလုံ နောက်တန်းကလည်း သွင်းဂိုး ခွင့်မပြုခဲ့ရတာကြောင့် စပိန်အသင်းဟာ အဖက်ဖက်နေ ပြီးပြည့်စုံနေပြီလို့ ဆိုရမှာလည်းဖြစ်ပါတယ်။
ယခုအခါမှာတော့ ဖွန်တေက "လက်ရှိစပိန်အသင်းက ကျွန်တော်စိတ်ကူးယဉ်ထားတာတွေထက်တောင် ကျော်လွန်ပြီးလုပ်နိုင်စွမ်းရှိပါတယ်။ ဒီမျိုးဆက်က နိုင်ပြီးရင်း နိုင်ချင်နေတဲ့ တားဆီးလို့မရတဲ့ အသင်းပါ။ နောက်လမှာလည်း အသင်းအနေနဲ့ ဘယ်လိုတိုးတက်လာရဦးမလဲဆိုတာ ကျွန်တော်တို့ပြင်ဆင်နေပါတယ်။ ကစားသမားတွေရဲ့ အသွေးထဲအသားထဲမှာ ပြိုင်ဆိုင်မှု ဆိုတာပဲရှိပါတယ်။ ဒီမျိုးဆက်က အံ့မခန်းမျိုးဆက်ပါ။ ဒါပေမယ့် ပုံစံကောင်းကို တသမတ်တည်းထိန်းသိမ်းနိုင်ဖို့တော့ ကျွန်တော်တို့ ကြိုးစားသွားရပါဦးမယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ဖို့ အချိန် ၉ လလိုပါသေးတယ်။ ကျွန်တော်တို့ လက်ရှိလူစာရင်းနဲ့ပဲ ဆက်သွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
လာမယ့် အောက်တိုဘာလ ၁၁ ရက်နေ့မှာတော့ စပိန်ဟာ တတိယမြောက် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် ဂျော်ဂျီယာနဲ့ ယှဉ်ပြိုင်သွားရပါမယ်။