
ဖိအားတွေကြားထဲကနေ ကစားသမားတွေကို ထောက်ခံလိုက်တဲ့ ပိုစတီကိုဂလူ
၃ ရက်အတွင်းမှာ ဆုဖလား ၂ လုံးကနေထွက်ခွာခဲ့ရပြီးနောက် တော့တင်ဟမ်အနေနဲ့ နောက်ထပ်ဖလားလက်မဲ့ရာသီတစ်ခုကို ထပ်မံဖြတ်သန်းရဖို့များနေသလို ပိုစတီကိုဂလူလည်း ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ အက်ဖ်အေဖလားမှာ ဗီလာကို ၂-၁ နဲ့အရေးနိမ့်ပြီးနောက် တော့တင်ဟမ်ဟာ ကာရာဘောင်ဖလားပြိုင်ပွဲမှာလည်း လီဗာပူးကိုထပ်မံအရေးနိမ့်ခဲ့ပါတယ်။
“၂ လခွဲတာကာလအတွင်းမှာ ဒီကစားသမားတွေ မယုံကြည်နိုင်စရာကောင်းတဲ့အလုပ်တွေလုပ်ခဲ့ကြပါတယ်။ တကယ့်ကို မယုံကြည်နိုင်စရာကောင်းတဲ့အလုပ်တွေပါ။ သူတို့ရဲ့ကြိုးစားအားထုတ်ခဲ့မှုတွေကို မချီးကျူးလို့မရပါဘူး။ နိုဝင်ဘာအလယ်ကတည်းက ၁ ပတ်ကို ၂ ပွဲလောက်ကန်နေရတဲ့ကစားသမားအနည်းစုရှိနေပါတယ်။ အခုဆို သူတို့ ပြန်လည်အနားယူဖို့ အခွင့်အရေးရလာခဲ့ပါပြီ။ လာမယ့်ရက်သတ္တပတ်အနည်းငယ်ဆိုရင်လည်း ကစားသမားအချို့ပြန်လာနိုင်ပါတော့မယ်။
ကျွန်တော်တို့ အကုန်အစကနေပြန်လည်စတင်ပြီး အသန်မာဆုံးနဲ့ရာသီသိမ်းချင်ပါတယ်”လို့ ပိုစတီကိုဂလူက ပြောကြားခဲ့ပါတယ်။ တော့တင်ဟမ်ဟာ ဒီရာသီဒဏ်ရာပြဿနာတွေနဲ့ နပန်းလုံးနေရပြီး ပြိုင်ပွဲအရေအတွက်လည်း များပြားနေတာကြောင့် ပွဲပန်းမှုဒဏ်လည်း ရင်ဆိုင်ရနေတာဖြစ်ပါတယ်။ လက်ရှိမှာ အဓိကကစားသမားတွေဖြစ်တဲ့ ရိုမဲရိုး ၊ ဆိုလန်ကီ ၊ ဗန်ဒီဗန်တို့ မကြာခင်မှာ ပြန်လာနိုင်တော့မှာဖြစ်ပါတယ်။
ဗီလာနဲ့ပွဲမှာတော့ ဂိုးသမား ကင်စကီးရဲ့အမှားကနေ ရမ်ဆေးက ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ရော်ဂျာက ပွဲကစားချိန် ၆၄ မိနစ်မှာ ဗီလာအတွက် ဒုတိယဂိုးကို သွင်းယူခဲ့ပါတယ်။ တော့တင်ဟမ်အတွက် တစ်လုံးတည်းသောချေပဂိုးကို တိုက်စစ်မှူးသစ် တဲလ်က ပွဲပြီးခါနီးမှာ သွင်းယူပေးခဲ့ပါတယ်။
“ကျွန်တော်တို့ အကောင်းဆုံးအနေအထားရှိခဲ့ပေမယ့် ကံမကောင်းစွာနဲ့ အရေးနိမ့်ခဲ့ပါတယ်။ တစ်ဂိုးပေးလိုက်ရချိန်မှာ ပြိုင်ဘက်က အရှိန်အဟုန်ကော ယုံကြည်မှုပါတိုးလာစေပါတယ်။ ခင်ဗျားအနေနဲ့ ပွဲကိုထိန်းချုပ်ချင်တယ်ဆိုရင် အစောပိုင်းကတည်းက ပွဲကိုဖြတ်ထားနိုင်ရပါမယ်။ ကျွန်တော်တို့ အဲ့လိုမလုပ်နိုင်ခဲ့ပါဘူး”လို့ ပိုစတီကိုဂလူက ပြောကြားခဲ့ပါတယ်။
တော့တင်ဟမ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့အဆင့် ၁၄ နေရာမှာ ရပ်တည်နေပြီး ဥရောပပြိုင်ပွဲမှာတော့ နောက်တစ်ဆင့်တက်ထားနိုင်ပါတယ်။ ပိုစတီကိုဂလူအတွက် အခုရာသီက တော့တင်ဟမ်နဲ့ ဒုတိယမြောက်ရာသီဖြစ်ပြီး လက်ကျန်လကလည်း အနည်းငယ်သာကျန်တော့တာဖြစ်ပါတယ်။ ပထမရာသီတုန်းက သြစတြေးလျသားလက်အောက်မှာ တော့တင်ဟမ်က ၁၀ ပွဲကစားပြီးချိန်မှာ ရှုံးပွဲမရှိအနေအထားနဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ သူ့ရဲ့ကစားဟန်နဲ့ပတ်သက်လို့ မေးခွန်းထုတ်တာတွေရှိလာခဲ့တာဖြစ်ပါတယ်။