The network connection is lost.

Banner Image

ကျွန်တော်တို့ အချိန်လိုအပ်တယ်လို့ ပြောကြားလာတဲ့ ယူနိုက်တက်နည်းပြ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းအနေနဲ့ တိုးတက်လာဖို့အတွက် အခုထက်ပိုပြီး အချိန်လိုအပ်ကြောင်း ပြောကြားလာခဲ့ပြီး ဒီရာသီမှာ ဥရောပဝင်ခွင့်မရတာက အသင်းအတွက် ပိုကောင်းစေတယ်လို့ဆိုပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာကြောင့် ပရိသတ်တွေအတွက် အတော်လေးစိတ်ပျက်စရာ ရာသီဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီအစမှာ အဲရစ်တန်ဟက်ရဲ့ဦးဆောင်မှုနဲ့အတူ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ခြင်းမရှိတဲ့ ယူနိုက်တက်ဟာ အာမိုရင်ကို နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်ခဲ့ပေမယ့် အခြေအနေက တိုးတက်လာခဲ့ခြင်းမရှိပါဘူး။ 

ယူနိုက်တက်အနေနဲ့ အသင်းကိုအဖတ်ဆယ်ဖို့ နောက်ဆုံးကောက်ရိုးတစ်မျှင်အဖြစ် ယူရိုပါလိဂ်ဗိုလ်လုပွဲအထိ တက်လှမ်းပြီး တော့တင်ဟမ်နဲ့ရင်ဆိုင်ခဲ့ရပေမယ့် ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပါ လွဲချော်ပြီး ပြိုင်ပွဲစုံမှာ ကျရှုံးမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါ့အပြင် အဆိုပါရှုံးပွဲဟာ ၂၀၁၄-၁၅ ဘောလုံးရာသီနောက်ပိုင်း ယူနိုက်တက်အတွက် ပထမဆုံးအကြိမ်အဖြစ် ဥရောပဝင်ခွင့်နဲ့လွဲချော်စေခဲ့တာလည်းဖြစ်ပါတယ်။ 

သို့သော်လည်း ယခုအခါမှာ နည်းပြအာမိုရင်က အသင်းအနေနဲ့ တိုးတက်မှုကိုတည်ဆောက်နေဆဲဖြစ်တာကြောင့် ဥရောပဝင်ခွင့်မရတာက အသင်းအတွက်ပိုကောင်းစေတယ်လို့ ပြောကြားလာခဲ့ပါတယ်။ ပေါ်တူဂီသားနည်းပြက "ကျွန်တော်တို့ ဒီတစ်ပတ်ထဲမှာ ၃ ပွဲအထိကစားသွားရမှာဖြစ်ပြီး အသင်းမှာ အရည်အသွေးပြည့်မီတဲ့ ကစားသမားတွေရှိပါတယ်။ ကျွန်တော်တို့ ကစားသမားတွေကို အလှည့်ကျပွဲထုတ်အသုံးပြုဖို့လိုပါတယ်။ ဒါက အခြားအသင်းတွေလည်း ပုံမှန်ပြုလုပ်နေကျအရာပါ"

"ကျွန်တော်တို့ ဥရောပပြိုင်ပွဲအတွက်တော့ ပြင်ဆင်စရာမရှိပါဘူး။ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးကစားနိုင်ဖို့ပဲ ကြိုးစားသွားရပါမယ်။ အသင်းအနေနဲ့တိုးတက်ဖို့ အချိန်လိုအပ်နေပါသေးတယ်။ ကစားသမားတွေ နေရာအတွက် တိုက်ပွဲဝင်သွားရပါမယ်။ ဒါဆိုရင် ပြောင်းလဲမှုတွေရှိလာမှာပါ" လို့ပြောကြားခဲ့ပါတယ်။

လာမယ့်ကြာသပတေးနေ့မှာ ယူနိုက်တက်ဟာ ကာရာဘောင်ဖလား ဒုတိယအဆင့်ပွဲစဉ်အဖြစ် အင်္ဂလန်လိဂ်တူးကလပ် ဂရင်စ်ဘီနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ယခုရာသီအတွင်း နိုင်ပွဲစတင်ရရှိသွားမလား စောင့်ကြည့်ရပါမယ်။