အန်ဖီးလ်ကွင်းပွဲစဉ်မတိုင်ခင် အာနိုးလ်အပေါ် ပွင့်ပွင့်လင်းလင်းအကဲဖြတ်လိုက်တဲ့ အန်းစလော့
အာနိုးလ်က အင်္ဂါညပိုင်း၊ ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးတို့ ယှဉ်ပြိုင်ကစားချိန် အန်ဖီးလ်ကွင်းဆီ တကျော့ပြန် ရောက်ရှိလာပါလိမ့်မယ်။
လီဗာပူးနဲ့ရင်ဆိုင်မယ့် ရီးရဲလ်မက်ဒရစ်ရဲ့လူစာရင်းမှာလည်း အာနိုးလ်ကို ထည့်သွင်းထားပါတယ်။
အာနိုးလ်က ပြီးခဲ့တဲ့နွေရာသီကာလ၊ ငယ်ဘဝကလပ်အသင်းကို စွန့်ခွာပြီးနောက် မာဆေးဆိုဒ်ဆီ ပထမဆုံးအကြိမ်ပြန်လည်ရောက်ရှိလာခြင်း ဖြစ်ပါတယ်။
အဲ့ဒီအချိန်တုန်းကတော့ လီဗာပူးပရိသတ်များစွာက သူ့ရဲ့အပြောင်းအရွှေ့ကို သစ္စာဖောက်မှုတစ်ခုအဖြစ် ရှုမြင်ခဲ့ပြီး အင်္ဂလန်လက်ရွေးစင်ကစားသမား အန်ဖီးလ်ဆီပြန်လာချိန် ရန်လိုတဲ့ကြိုဆိုမှုနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
လီဗာပူးနည်းပြအန်းစလော့ကတော့ သူ့ရဲ့ကစားသမားဟောင်းနဲ့ ပြန်လည်ဆုံတွေ့မှုကို အားရကျေနပ်နေပေမယ့် ပရိသတ်တွေ ဘယ်လိုတုံ့ပြန်မလဲဆိုတာ သူကိုယ်တိုင် သေချာမသိဘူးလို့ ဝန်ခံပြောဆိုခဲ့ပါတယ်။
အန်းစလော့က “ ကျွန်တော့်ဆီမှ ဘယ်လိုကြိုဆိုမှုမျိုး ရရှိနိုင်မလဲဆိုတာပဲ ပြောပြနိုင်ပါတယ်။ ကျွန်တော့်ဆီမှာ အာနိုးလ်နဲ့ပတ်သက်လို့ ကောင်းမွန်တဲ့အတိတ်သမိုင်းကြောင်း ရှိပါတယ်။
သူက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ကျွန်တော့်ရဲ့ဒု-ကပ္ပတိန် ဖြစ်ခဲ့ပါတယ်။ သူနဲ့အတူ အလုပ်လုပ်ခဲ့ရတာတွေက အပေါင်းလက္ခဏာဆောင်တဲ့ အမှတ်တရတွေဖြစ်သလို ရုပ်မြင်သံကြားမှတဆင့် သူ့ကို မြင်တွေ့ရတာလည်း အပေါင်းလက္ခဏာဆောင်တဲ့ အမှတ်တရတွေပဲ ဖြစ်ပါတယ်။ သူ့ရဲ့လီဗာပူးကစားသမားဘဝ၊ ကောင်းမွန်တဲ့အခိုက်အတန့်တွေကို ကျွန်တော် မှတ်မိနေပါတယ်။
သူ့ကိုတော့ ကျွန်တော် နွေးနွေးထွေးထွေးပဲ ကြိုဆိုသွားပါမယ်။ မနက်ဖြန်ပွဲစဉ်မှာ သူ ကွင်းတွင်းရောက်ရှိနိုင်မလား အရင်ဆုံးစောင့်ကြည့်ကြမယ်။
ပရိသတ်တွေ ဘယ်လိုတုံ့ပြန်မလဲဆိုတာ ကျွန်တော်မသိပေမဲ့ ကျွန်တော့်ရဲ့နွေးထွေးတဲ့ကြိုဆိုမှုကိုတော့ သူရရှိမယ်ဆိုတာ အာမခံပါတယ်”လို့ ပြောပါတယ်။