ဒိုကူနဲ့ဆာဗင်ဟိုတို့ ပြန်ကစားနိုင်တော့မယ်လို့ ဂွါဒီယိုလာအတည်ပြု
မန်စီးတီးနည်းပြချုပ် ပက်ဂွါဒီယိုလာက သူတို့အသင်းရဲ့ တောင်ပံကစားသမားနှစ်ဦးဖြစ်တဲ့ ဆာဗင်ဟိုနဲ့ ဂျရမီဒိုကူတို့ဟာ ကွင်းထဲပြန်ဝင်ဖို့ နီးစပ်နေပြီလို့ ပြောကြားလိုက်ပါတယ်။ ဒိုကူဟာ ဒဏ်ရာကြောင့် တစ်လလောက် အနားယူနေရတာဖြစ်ပြီး ဆာဗင်ဟိုကတော့ အနားယူနေရတာ ၆ ပတ်ကျော်သွားပြီ ဖြစ်ပါတယ်။
"ဂျရမီက ပြန်လာဖို့ နီးစပ်နေပါပြီ။ သူ အခုထိ ကျွန်တော်တို့နဲ့အတူ လေ့ကျင့်ခန်း မဆင်းနိုင်သေးပေမဲ့ ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ သူ အခြေအနေ နည်းနည်းတော့ သက်သာလာပါပြီ၊ ဒါပေမဲ့ (ဆဲလ်ဖို့ဒ်နဲ့ပွဲမှာ) ကျွန်တော်တို့အတွက် တောင်ပံကစားသမားတွေ လိုအပ်ခဲ့ပါတယ်" လို့ ဂွါဒီယိုလာက ဆိုပါတယ်။
ဒါ့အပြင် ဂွါဒီယိုလာက "သူက ကျွန်တော်တို့အတွက် ဘယ်လောက်အရေးပါတယ်ဆိုတာ သိပါတယ်။ ကျွန်တော်တို့ရဲ့ ကစားဟန်အတွက် သူက အများကြီး အထောက်အကူဖြစ်စေပါတယ်။ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုအပေါ်မှာလည်း ကျွန်တော် တကယ်ကို အားရကျေနပ်မိပါတယ်။ ဆီမီညို က ပွဲကစားချိန်တွေ အများကြီး ကစားထားရပါတယ်။ တကယ်လို့ ဒိုကူ၊ ဆီမီညို၊ ဆာဗင်ဟိုတို့ကို လူစားလဲပြီး အလှည့်ကျ အသုံးပြုနိုင်မယ်ဆိုရင် ပြိုင်ဘက်တွေက သူတို့ဂိုးဧရိယာထဲမှာပဲ ၉၀ မိနစ်လုံး ပိတ်ဆို့ခုခံနေရမှာပါ။ အဲဒါကြောင့်ပဲ စနေနေ့ကပွဲမှာအရာအားလုံးက ခက်ခဲခဲ့တာပါ" လို့ ရှင်းပြခဲ့ပါတယ်။
ဆာဗင်ဟိုနဲ့ ပတ်သက်ပြီးတော့လည်း ၎င်းက "သူ အနားယူနေရတာ ၆ ပတ်ရှိပါပြီ။ သူ မိနစ်အနည်းငယ်လောက် ပါဝင်ကစားပေးနိုင်ပေမဲ့ ကျွန်တော်တို့ကတော့ စွန့်စားမှု မလုပ်ချင်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ရက်က လေ့ကျင့်ခန်းဆင်းတာကို ကြည့်ရတာ တကယ်ကို အံ့ဩဖို့ကောင်းလောက်အောင် ကောင်းပါတယ်။ သူ ပြန်လာဖို့ နီးစပ်နေပါပြီ။ အခု ကျွန်တော်တို့မှာ အချိန်တစ်ပတ် အပြည့်အဝရမှာဖြစ်သလို ကစားသမားတွေလည်း ပြန်လာနေကြပါပြီ။ ဆာဗင်ဟိုသာ ဂိုးရအောင် အဆုံးသတ်နိုင်တဲ့စွမ်းရည်ကို ထပ်ပြီးသင်ယူနိုင်မယ်ဆိုရင် ဘယ်ညာနှစ်ဖက်စလုံးမှာ တကယ့်ကို ထူးချွန်တဲ့ တောင်ပံကစားသမားတစ်ယောက် ဖြစ်လာမှာပါ" လို့ ပြောကြားခဲ့ပါတယ်။