ရိုဆင်နီယာတစ်ယောက် ချဲလ်ဆီးကနေအထုတ်ခံရရင် သူ့အနေနဲ့ အံ့ဩမိမှာမဟုတ်ဘူးလို့ဆိုလာတဲ့ ပီတစ်
ချဲလ်ဆီးကစားသမားဟောင်း အမ်မန်နျူရယ် ပီတစ်က နည်းပြ လီယမ် ရိုဆင်နီယာနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်။
အသက် ၄၁ နှစ်အရွယ်ရှိ ရိုဆင်နီယာဟာ အသင်းကို ကိုင်တွယ်စဉ်အတွင်း ကမ္ဘာ့ကလပ်ဖလားနဲ့ ကွန်ဖရင့်လိဂ်ဖလားတွေ ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ အန်ဇိုမာရက်စကာ ရာထူးက ထုတ်ပယ်ခံရပြီးနောက်မှာ အနောက်လန်ဒန်ကလပ် ချဲလ်ဆီးနဲ့ ငါးနှစ်ခွဲသက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့သူ ဖြစ်ပါတယ်။
ဒီအင်္ဂလန်လူမျိုးနည်းပြဟာ အသင်းကို စတင်ကိုင်တွယ်ချိန် ပထမဆုံး ၁၀ ပွဲမှာ ၇ ပွဲအထိ အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့ပြီး အစကောင်းခဲ့တယ်လို့ ဆိုရမှာပါ။ ဒါပေမဲ့လည်း ဘောလုံးလောကရဲ့ ထိပ်တန်းနေရာတစ်ခုမှာ ရှိနေသလိုမျိုးပဲ ပရိသတ်တွေက နောက်ရာသီမှာ အောင်မြင်မှုတွေ ရယူပေးနိုင်ဖို့ မျှော်လင့်နေကြတာကြောင့် ရိုဆင်နီယာအပေါ် ဖိအားတွေလည်း တိုးလာနေပါတယ်။
ဒီရာသီမှာတော့ ပရီးမီးယားလိဂ်ဖလားဟာ ရိုဆင်နီယာအတွက် လက်လှမ်းမမီနိုင်တဲ့ အခြေအနေမှာ ရှိနေပေမဲ့ ပရိသတ်တွေကတော့ နောက်ရာသီမှာ ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်ဖို့ မျှော်လင့်ထားကြပါတယ်။ လက်ရှိအချိန်အထိ အရည်အချင်းရှိကြောင်း သက်သေပြနေတဲ့ ရိုဆင်နီယာ ကြုံတွေ့လာနိုင်တဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ပီတစ်က ခုလို ပြောပြခဲ့ပါတယ်။
"လီယမ် ရိုဆင်နီယာက ချဲလ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ပါ့မလား။ သူတို့က နှစ်တိုင်း ကစားသမားတွေကို ပြောင်းလဲနေတာ။ တစ်ခုခုကို အောင်မြင်ချင်တယ်ဆိုရင် တည်ငြိမ်မှုနဲ့ အပြောင်းအလဲမရှိ တစိုက်မတ်မတ် ရှိနေဖို့က သိပ်အရေးကြီးပါတယ်" လို့ Ignition Casino ကတစ်ဆင့် သူက ဆိုခဲ့ပါတယ်။
"မန်ယူ၊ စပါးနဲ့ ချဲလ်ဆီးတို့လို အသင်းတွေကို ကြည့်လိုက်ပါ။ အဲဒီအသင်းတွေက ကစားသမားတွေရော၊ နည်းပြတွေကိုပါ ခဏခဏ ပြောင်းလဲနေတာ။ အဲဒါကိုမှ ချက်ချင်းကြီး ဖလားရချင်နေတာလား" လို့ ဒီပြင်သစ်လူမျိုးကစားသမားဟောင်းက ဆက်ပြောပါတယ်။
"ပြီးတော့ လီယမ် ရိုဆင်နီယာက ချဲလ်ဆီးနဲ့ ဖလားရနိုင်တဲ့ အရည်အချင်းရှိလားလို့ ကျွန်တော့်ကို မေးနေတာလား။ နောက် ၁၀ လကြာရင် သူ နည်းပြအဖြစ် ဆက်ရှိနေပါ့မလားဆိုတာတောင် ကျွန်တော် မသေချာပါဘူး။ တကယ်လို့ ရလဒ်တွေက ၃ ပွဲ၊ ၄ ပွဲလောက် ဆက်တိုက် ဆိုးရွားသွားမယ်ဆိုရင် အသင်းဘုတ်အဖွဲ့က သူ့ကို ရာထူးက ထုတ်ပယ်လိုက်ရင်တောင် ကျွန်တော် မအံ့သြပါဘူး။"
ရိုဆင်နီယာကလည်း သူ့အပေါ်ရှိနေတဲ့ ဖိအားတွေနဲ့ ပတ်သက်ပြီး မကြာခင်ကပဲ ခုလို ပြောခဲ့ပါသေးတယ် - "ကျွန်တော့်ရဲ့ ရည်မှန်းချက်က ဒီအသင်းကို အတတ်နိုင်ဆုံး အောင်မြင်အောင် လုပ်ပေးဖို့နဲ့ နောက်ပွဲမှာ အနိုင်ရဖို့ပါပဲ။ ကျွန်တော့်ရဲ့ အားအင်တွေနဲ့ အချိန်တွေအားလုံးကို ကစားသမားတွေ၊ အသင်း၊ အစည်းအဝေးတွေနဲ့ လေ့ကျင့်ခန်းဆင်းတာတွေမှာပဲ အာရုံစိုက်ထားပါတယ်။ တခြားအရာတွေကတော့ အပြင်က အသံတွေပါပဲ၊ အဲဒါတွေကို ကျွန်တော် ဘာမှ မတတ်နိုင်ပါဘူး၊ ပွဲတွေနိုင်အောင် ကစားပေးဖို့ပဲ ကျွန်တော် တတ်နိုင်တာပါ" လို့ ဆိုပါတယ်။