The network connection is lost.

Banner Image

ဗန်ဒိုက်နဲ့ပတ်သက်လို့ ဂျာမိန်းပီးနန့်ရဲ့ပြောဆိုမှုကို ဂျွန်တယ်ရီ ပြင်းပြင်းထန်ထန်တုံ့ပြန်

ချယ်လ်ဆီးဂန္ထဝင်ဂျွန်တယ်ရီက ဗန်ဒိုက်နဲ့ပတ်သက်လို့ မှတ်ချက်ပေးခဲ့တဲ့ လီဗာပူးကစားသမားဟောင်း ဂျာမိန်းပီးနန့်ကို ပြင်းပြင်းထန်ထန်ပြန်လည်ဝေဖန်လိုက်ပါတယ်။

အခုသီတင်းပတ်၊ talkSPORT ရေဒီယိုအစီအစဉ်မှာ ပီးနန့်က ဗန်ဒိုက်ကို အခြားသူတွေထက် အပြတ်အသတ်သာလွန်တဲ့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနောက်ခံလူလို့ ပြောကြားခဲ့ရာမှာ ပရိသတ်တွေအကြား အငြင်းပွားမှုတွေ စတင်လာပါတယ်။

"ကျွန်တော့်အမြင်အရတော့ ခင်ဗျားတို့ပြောနေတဲ့ကစားသမားတွေထဲမှာ ဗန်ဒိုက်က အကောင်းဆုံးပဲ၊ အခု သူ့အသက် ၃၄ နှစ်ရှိပြီဆိုတာကို ကြည့်လိုက်ဦး။ အသက် ၃၄ နှစ်အရွယ်မှာ ရီယိုဖာဒီနန်က ကျူပီအာအသင်းဆီ ရောက်နေပြီ၊ ဒါပေမဲ့ ဗန်ဒိုက်ကတော့ လီဗာပူးမှာ ချန်ပီယံလိဂ်လိုအဆင့်မြင့်ပွဲတွေကို ကစားနေသလို ဂိုးတွေလည်း သွင်းနေပါတယ်။ သူက ခင်ဗျားတို့ပြောတဲ့ နောက်ခံလူတွေထက်တောင် ဂိုးတွေ ပိုသွင်းထားပါတယ်။ ဗန်ဒိုက်ကို ဘာကြောင့် ဒီလောက်အထိလျှော့တွက်နေကြတာလဲ။ တကယ်လို့ ဘယ်သူ့ကို ရွေးမလဲလို့မေးရင် ကျွန်တော်ကတော့ ဗန်ဒိုက်ကိုပဲ ရွေးပါမယ်။။ အသက် ၃၄ နှစ်အရွယ်မှာ ဂျွန်တယ်ရီ ပရီမီယာလိဂ်ပွဲစဉ်ဘယ်လောက်ကစားခဲ့ရလဲ သိပါသလား၊ အဲဒီတုန်းက သူက ယူ-၂၁ အသင်းအတွက်ပဲ ကစားရပါတယ်။ တယ်ရီက ဂန္ထဝင်တစ်ယောက်ဆိုတာ မှန်ပေမဲ့ တစ်ဦးချင်းရင်ဆိုင်ရတဲ့အခါ ဘယ်သူ့ကို ပိုကျော်ဖြတ်ရလွယ်မလဲဆိုရင် ကျွန်တော်ကတော့ ဂျွန်တယ်ရီကိုပဲ အချိန်မရွေးရွေးချယ်ရပါလိမ့်မယ်။ ပြီးတော့ တယ်ရီက ဘယ်တုန်းကများ Ballon d'Or ဆုမှာ ဒုတိယရဖူးလို့လဲ" လို့ ပီးနန့်က ဆိုပါတယ်။

ဒီဗီဒီယိုဖိုင်ဟာ တနင်္လာနေ့မှာ လူမှုကွန်ရက်ပေါ်ပျံ့နှံ့သွားခဲ့ပြီးနောက် ဂျွန်တယ်ရီကိုယ်တိုင် ဒီအငြင်းပွားမှုမှာ ပါဝင်လာခဲ့ပါတယ်။ သူက ပီးနန့်ကို အကြောင်းအရာတစ်ခုအကြောင်းမဆွေးနွေးခင် ကိန်းဂဏန်းအချက်အလက်တွေကို သေချာအောင် အရင်လုပ်ဖို့ ပြောဆိုလိုက်ပါတယ်။

"ဒီကိစ္စမှာ လူတိုင်း ကိုယ့်အမြင်နဲ့ကိုယ်ရှိနိုင်ပေမဲ့ ပီးနန့်ရေ၊ ရေဒီယိုအစီအစဉ်မှာ ခင်ဗျားကိုယ်တိုင်အကြံပြုချက်တွေ ပေးတော့မယ်ဆိုရင် အချက်အလက်တွေကို မှန်ကန်အောင် အရင်လုပ်ဖို့လိုပါလိမ့်မယ်။ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်မှာ နောက်ခံလူတစ်ဦးအဖြစ် ဂိုးအများဆုံးသွင်းထားနိုင်သူ တစ်ဦးတည်း ရှိပါတယ်၊ အဲဒါ ကျွန်တော်ပဲ။ ကျွန်တော့်မှာ သမိုင်းတစ်လျှောက် Clean Sheet အများဆုံးရရှိမှုစံချိန်လည်း ရှိသလို ကျွန်တော်နဲ့ ဗန်ဒိုက်ကို နှိုင်းယှဉ်မယ်ဆိုရင် ကျွန်တော့်ရဲ့ ဆုဖလားအောင်မြင်မှုတွေကလည်း သူ့ထက် ပိုများပါတယ်။ ပြီးတော့ ခင်ဗျားက အချက်အလက်ကောင်းတစ်ခုကို ထုတ်ပြောသွားသေးတယ်။ ကျွန်တော် အသက် ၃၄ နှစ်အရွယ်၊ ၂၀၁၄-၂၀၁၅ ရာသီမှာ မော်ရင်ဟိုနဲ့အတူ ချယ်လ်ဆီးအတွက် ပွဲစဉ်တိုင်း၊ မိနစ်တိုင်း ပါဝင်ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဆုဖလားကို ရယူခဲ့တာပါ" လို့ တယ်ရီက ပြန်လည်ချေပခဲ့ပါတယ်။

ဗန်ဒိုက်ဟာ လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်မှာ ၃၂၇ ပွဲ ကစားထားပြီး ၂၇ ဂိုးသွင်း၊ ၉ ဂိုး ဖန်တီးထားပါတယ်။ ဂျွန်တယ်ရီကတော့ ၄၉၂ ပွဲမှာ ၄၁ ဂိုးအထိ သွင်းယူခဲ့ပါတယ်။ မတူညီတဲ့ ခေတ်ကာလတွေမှာ ကစားခဲ့ကြတဲ့ ကစားသမားနှစ်ဦးကို မနှိုင်းယှဉ်သင့်ဘူးလို့ ယူဆသူတွေလည်း ရှိနေတာကြောင့် ပရိသတ်တွေအကြား အခုအငြင်းပွားမှုက ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။