The network connection is lost.

Banner Image

လီဗာပူးအတွက် မန်စီးတီးကိုတောင် အလွန်ဆို ငြင်းပယ်လိမ့်မယ်လို့ ပီတစ် ဆို

အာဆင်နယ်ကြယ်ပွင့်ဟောင်းပီတစ်က အလွန်ဆိုကိုယ်တိုင် မန်ချက်စတာစီးတီးထက် လီဗာပူးကို ရွေးချယ်လိမ့်မယ်လို့ ခန့်မှန်းပြောကြားလိုက်ပါတယ်။

အခုနွေရာသီကာလ၊ စပိန်လူမျိုးနည်းပြပက်ဂွါဒီယိုလာ မန်စီးတီးအသင်းမှထွက်ခွာသွားမယ်ဆိုရင် သူ့နေရာကို အစားထိုးဖို့အတွက် အလွန်ဆိုနဲ့ မာရက်စကာတို့ ရေပန်းစားနေပါတယ်။

ဂွါဒီယိုလာက ၂၀၁၆ ခုနှစ်မှာ မန်စီးတီးကို စတင်တာဝန်ယူခဲ့ပြီး ဆယ်စုနှစ်တစ်ခုစာကာလအတွင်း ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်အပါအဝင် ဆုဖလားအောင်မြင်မှုများစွာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ဆယ်ခန့်၊ လီဗာပူးကွင်းလယ်မှာ အမာခံကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြခဲ့ဖူးတဲ့ အလွန်ဆိုကတော့ ရီးရဲလ်မက်ဒရစ်နည်းပြတာဝန်ယူပြီး ခြောက်လအကြာမှာပဲ ရာထူးမှထုတ်ပယ်ခံခဲ့ရပါတယ်။ လတ်တလောမှာတော့ သူ့ကို လီဗာပူးနဲ့ပြန်ပေါင်းထုပ်မယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပါတယ်။

အလွန်ဆိုက အခုအချိန်မှာ ကလပ်အသင်းလက်မဲ့ဖြစ်နေပြီး ရာသီကုန်ကာလ၊ လီဗာပူးနည်းပြရာထူးနေရာ လစ်လပ်လာခဲ့မယ်ဆိုရင် မန်စီးတီးရဲ့တံခါးဖွင့်ကြိုဆိုမှုရှိရင်တောင် အသင်းဟောင်းအတွက် သူ ငြင်းပယ်သွားလိမ့်မယ်လို့ ပီတစ်က Ignition Casino နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။

" လီဗာပူးဆီပြန်လာဖို့ အခွင့်အရေးရှိမယ်ဆိုရင် မန်စီးတီးဘက်က တံခါးဖွင့်ထားပေးရင်တောင် အလွန်ဆိုကိုယ်တိုင် လီဗာပူးကိုပဲရွေးချယ်လိမ့်မယ်လို့ ကျွန်တော်သေချာပေါက်ယုံကြည်ပါတယ်။ သူနဲ့ လီဗာပူးကြားမှာ ခိုင်မာတဲ့သံယောဇဉ်တွေ ရှိပါတယ်။ သူက အဲ့ဒီမှာ ကစားသမားအဖြစ်ရှိခဲ့ဖူးသလို ဆုဖလားတွေလည်း ရယူပေးခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်မှာ သူကျရှုံးခဲ့ပေမဲ့ ဒါဟာ တခြားနည်းပြတော်တော်များများလည်း ကြုံတွေ့ခဲ့ရတဲ့ ကိစ္စမျိုး ဖြစ်ပါတယ်" လို့ ပီတစ်က ဆိုပါတယ်။

" ပရီးမီးယားလိဂ်ကို ပြန်လာဖို့ အခွင့်အရေးရမယ်ဆိုရင် လီဗာပူးက အလွန်ဆိုအတွက် အကောင်းဆုံးအသင်း ဖြစ်လာပါလိမ့်မယ်။ ဒါဟာ အာတီတာနဲ့ အာဆင်နယ်တို့ကြားက ဆက်နွှယ်မှုပုံစံမျိုးပါပဲ။ ဆိုလိုတာက ပက်ဂွါဒီယိုလာထွက်သွားရင်တောင် မန်စီးတီးဆီပြောင်းရွှေ့ဖို့ သူမစဉ်းစားနိုင်ပါဘူး" လို့ ၎င်းက ဆက်ပြောပါတယ်။