The network connection is lost.

Banner Image

ဆိုဘိုဆလိုင်းကို လီဗာပူးရဲ့ အနာဂတ်အသင်းခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်တယ်လို့ ဗန်ဒိုက် ယုံကြည်နေ

ဗန်ဒိုက်က ဆိုဘိုဆလိုင်းကို "ဒီအသင်းအတွက် ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်စွမ်းရှိသူ" လို့ ချီးကျူးစကားဆိုလိုက်ပြီး သူ့နောက်ပိုင်းမှာ လီဗာပူးအသင်းကပ္ပတိန်ဖြစ်လာနိုင်သူလို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

လက်ရှိပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးအသင်းအတွက် အခက်အခဲတွေပြည့်နှက်နေတဲ့ ဘောလုံးရာသီတစ်ခုဖြစ်ပေမဲ့ ဟန်ဂေရီလက်ရွေးစင်ဆိုဘိုဆလိုင်းကတော့ အသင်းအတွက် ခြေစွမ်းပြကစားပေးနေသူတစ်ဦး ဖြစ်ပါတယ်။ သူက လိုအပ်ချက်အရ ညာနောက်ခံလူနေရာမှာပါ ဝင်ကစားပေးရင်း သူ့ရဲ့စွယ်စုံရအရည်အသွေးကို သက်သေပြနေပါတယ်။

အက်ဖ်အေဖလားစတုတ္ထအဆင့်မှာ ဘရိုက်တန်ကို အနိုင်ယူခဲ့တဲ့ပွဲစဉ်အတွင်း ဆိုဘိုဆလိုင်းက အခုရာသီ၊ လီဗာပူးအသင်းအတွက် ၁၀ ဂိုးမြောက်သွင်းယူနိုင်ခဲ့ပြီး အသင်းဖော်မိုဆာလက်ရဲ့ "လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားစာရင်းဝင်"ဆိုတဲ့ ချီးကျူးမှုကို ရရှိခဲ့ပါတယ်။ဆိုဘိုဆလိုင်းဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ၊ ဆဲလ်ဘတ်မှာ သွင်းယူခဲ့တဲ့ တစ်ရာသီအတွင်း ၁၂ ဂိုးဆိုတဲ့ သူ့ရဲ့ အကောင်းဆုံးသွင်းဂိုးစံချိန်ကို ပြန်လိုက်မီဖို့ နီးစပ်နေပါပြီ။ သူ့ရဲ့ ကွင်းတွင်းခြေစွမ်းကလည်း အားလုံးရဲ့အသိအမှတ်ပြုမှုနဲ့ ထိုက်တန်နေပါတယ်။

လာမယ့်လအတွင်း အသက် ၃၂ နှစ်ပြည့်တော့မယ့် အန်ဒီရော်ဘတ်ဆန်က လက်ရှိ၊ လီဗာပူးအသင်းရဲ့ ဒုတိယအသင်းခေါင်းဆောင်ဖြစ်ပေမဲ့ အခုနွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးဖို့ရှိနေလို့ အနာဂတ် မရေမရာဖြစ်နေပြန်ပါတယ်။
လီဗာပူးအသင်းခေါင်းဆောင်နေရာကို ဆိုဘိုဆလိုင်းဆက်ခံနိုင်မလားလို့ မေးမြန်းရာမှာ ဗန်ဒိုက်က "ဒါကတော့ နည်းပြအန်းစလော့အပေါ်မှာပဲ မူတည်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်လည်း အတိအကျတော့ မသိပါဘူး" လို့ ဖြေကြားခဲ့ပါတယ်။ ဒါပေမဲ့ "သူက တကယ့်ကို ထူးချွန်တဲ့ကစားသမားပါ။ ဒီအသင်းအတွက် ခေါင်းဆောင်တစ်ဦးဖြစ်လာဖို့ နောက်ထပ်ခြေလှမ်းတစ်ရပ်ဆက်လှမ်းနိုင်မယ့်သူလို့လည်း ကျွန်တော် ယူဆပါတယ်" လို့ ဆက်ပြောပါတယ်။

"စံပြဖြစ်အောင် ဦးဆောင်ပြသခြင်းမှ စတင်ရဖို့ရှိနေပြီး ဒါကိုလည်း သူက ဒီရာသီမှာ လုပ်ပြနေပါတယ်။ ဒါ့အပြင် တခြားအရာတွေမှာလည်း သူက ပိုပြီးတိုးတက်လာဖို့ ရှိနေပါသေးတယ်။ ဒါဟာ ကောင်းတဲ့အချက်လို့ ကျွန်တော်ထင်ပါတယ်။ လာမယ့်နှစ်တွေမှာ သူက လီဗာပူးအတွက် အရမ်းအရေးပါလာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်" လို့ ဗန်ဒိုက်က ဆိုပါတယ်။

လက်ရှိမှာ ဇယားထိပ်က အာဆင်နယ်နဲ့ ၁၇ မှတ်အကွာ၊ အဆင့် ၆ နေရာမှာ ရှိနေတဲ့ လီဗာပူးအသင်းက ခြေထောက်ဒဏ်ရာရရှိသွားတဲ့ အန်ဒိုရဲ့အခြေအနေကို စောင့်ကြည့်နေရပါတယ်။ အန်ဒိုကလည်း အသင်းမှာ ဒဏ်ရာပြဿနာတွေရုန်းကန်နေရတဲ့ ညာနောက်ခံလူကို ဖြည့်စွက်ကစားပေးခဲ့ရတဲ့ နောက်ထပ်ကွင်းလယ်လူတစ်ဦး ဖြစ်ပါတယ်။

ဂျပန်လက်ရွေးစင်က အခုဘောလုံးရာသီမှာ ၁၂ ပွဲသာ ကစားထားနိုင်ပြီး ဒီပွဲစဉ်တွေအနက် အများစုမှာ လူစားဝင်ကစားရခြင်းသာ ဖြစ်ပေမယ့် အန်ဒိုရဲ့စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်လို့ ပွဲထွက်ခွင့်ရတာထက် ပိုပြီးအကျိုးသက်ရောက်မှုရှိတယ်လို့ ဗန်ဒိုက်က အခိုင်အမာပြောပါတယ်။ " အန်ဒိုဒဏ်ရာရသွားတာ သိပ်မကောင်းပါဘူး။ သူက အသင်းအတွက် အရမ်းအရေးပါပြီး လေးစားစရာကောင်းတဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။ သူဟာ အသင်းအတွက်ခေါင်းဆောင်ပေးနေသူတွေအနက် တစ်ဦးဖြစ်သလို အမြဲတမ်းလည်း စံပြဖြစ်အောင် ဦးဆောင်ပေးနေပါတယ်" လို့ ဒတ်ခ်ျနောက်ခံလူက ပြောပါတယ်။

"ကွင်းထဲမှာ သူက အရာအားလုံးကို ပေးဆပ်ကစားပါတယ်။ သူ ဒဏ်ရာရသွားတယ်ဆိုတာ အသင်းအတွက် ထိုးနှက်ချက်တစ်ခုဖြစ်ပေမဲ့ ကျွန်တော်တို့ ရင်ဆိုင်ကျော်ဖြတ်ရပါမယ်။ ဒဏ်ရာကာလ သိပ်မကြာပါစေနဲ့လို့ ဆုတောင်းပေးနေပေမဲ့ အချိန်အတန်ကြာ အနားယူရမယ့်ပုံပေါ်ပါတယ်" လို့ ၎င်းက ဆိုပါတယ်။