The network connection is lost.

Banner Image

ဝုဗ်နဲ့သရေပွဲစဉ်အပြီး အာဆင်နယ်အသင်းရဲ့ ပိုမိုကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေ လိုချင်တယ်လို့ ပြောကြားလိုက်တဲ့ အာတီတာ

မနေ့ညပိုင်း၊ အမှတ်ပေးဇယားအောက်ခြေရှိ ဝုဗ်အသင်းနဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ ဦးဆောင်ဂိုးနှစ်ဂိုးရရှိခဲ့ပေမဲ့ အမှားတွေကို ကိုယ်တိုင်ကျူးလွန်မိလို့ ပရီးမီးယားလိဂ်ဆုဖလားအောင်မြင်မှုမျှော်လင့်ချက် ထိခိုက်သွားခဲ့ပြီး ဝေဖန်မှုတွေနဲ့ ထိုက်တန်ပါတယ်လို့ အာတီတာက ဝန်ခံပြောကြားခဲ့ပါတယ်။

အခုပွဲစဉ်မှာ အနိုင်ရရှိမယ်ဆိုရင် အာဆင်နယ်က အနီးဆုံးပြိုင်ဘက်ကို ၇ မှတ်အထိဖြတ်ပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ဖို့ရှိပေမဲ့ နှင်းတွေကျနေတဲ့ Molineux ကွင်းရဲ့နောက်ဆုံးမိနစ်မှာ အာတီတာရဲ့အသင်း အငိုက်မိသွားခဲ့ပြီး ဒုတိယနေရာရှိ မန်စီးတီးအတွက် မျှော်လင့်ချက်သစ်တွေ ပြန်ဖန်တီးပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဘရန့်ဖို့ဒ်နဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲစဉ်မှာလည်း အာဆင်နယ်က ဦးဆောင်ဂိုးကို မထိန်းသိမ်းနိုင်ခဲ့သလို အခုဆိုရင် နှစ်ပွဲဆက်တိုက်ဦးဆောင်ဂိုးတွေမထိန်းနိုင်ဘဲ ရမှတ်တွေ ဆုံးရှုံးခဲ့ရပါတယ်။

မန်စီးတီးက အာဆင်နယ်ထက် တစ်ပွဲလျော့ ကစားထားရုံတင်မကဘဲ နှစ်သင်းအကြား ငါးမှတ်သာ ကွာဟပါတော့တယ်။ ဒါ့အပြင် လာမယ့်ဧပြီလအတွင်း အာဆင်နယ်ကို အိမ်ကွင်းအီတီဟတ်မှာ ဧည့်ခံကစားရဖို့ ရှိနေပါသေးတယ်။

"တကယ်ကို စိတ်ပျက်မိပါတယ်။ ဒါကို ကျွန်တော်တို့ လက်ခံရပါမယ်။ အသင်းရဲ့ စွမ်းဆောင်ရည်က လုံလောက်တဲ့ကောင်းမွန်မှုမျိုးမရှိခဲ့လို့ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး ဝေဖန်သုံးသပ်ရပါလိမ့်မယ်။ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း ကျွန်တော်တို့ခြေစွမ်းမတည်ငြိမ်ခဲ့တာ အရှိတရားပါပဲ" လို့ အာတီတာက ဆိုပါတယ်။

ယခင် မန်စီးတီးနဲ့အပြိုင် ဖလားလုခဲ့တဲ့နှစ်ကြိမ်မှာ ဦးဆောင်ထားမှုကို အလဟဿဖြစ်စေခဲ့ဖူးလို့ အာဆင်နယ်က အတိတ်ကာလကျရှုံးမှုတွေနဲ့ ပြန်လည်ရင်ဆိုင်နေရသလို ဖြစ်နေပါတယ်။ မြောက်လန်ဒန်ကလပ်က ၂၀၂၆ ခုနှစ်အတွင်း ကစားခဲ့တဲ့ လိဂ် ၈ ပွဲမှာ ၁၁ မှတ်အထိ လျော့ကျခဲ့ပါတယ်။

ဒီရာသီမှာ ၂၇ ပွဲကစားပြီး တစ်ပွဲပဲ နိုင်ထားတဲ့ ဝုဗ်အသင်းကို အနိုင်မရရှိမှုအပေါ် အာတီတာ သိသိသာသာ ဒေါသထွက်နေပြီး စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ဖို့ ကြိုးစားနေခဲ့ပါတယ်။

"လက်ခံဖို့ အရမ်းခက်ပါတယ်။ ဒုတိယပိုင်းမှာ ပရီးမီးယားလိဂ်ပွဲတစ်ပွဲကို အနိုင်ရဖို့ လိုအပ်တဲ့ ပုံစံမျိုးနဲ့ ကျွန်တော်တို့ မကစားနိုင်ခဲ့ဘူး။ အခြေခံကျကျလုပ်ရမယ့်အရာတွေကို တစ်ခုပြီးတစ်ခု အမှားမှားအယွင်းယွင်းလုပ်ခဲ့ကြတယ်။ အဲဒီအခါမှာ ပွဲစဉ်ကို မစိုးမိုးနိုင်တော့ဘဲ ထိန်းချုပ်မှုလည်း ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒါကို အခုလောလောဆယ် ဘာမှမဆုံးဖြတ်တာ ပိုကောင်းပါလိမ့်မယ်။ အားလုံးက စိတ်လှုပ်ရှားနေကြတာပါ။ ကျွန်တော်တို့နဲ့ထိုက်တန်တဲ့ဝေဖန်မှုကိုတော့ ခံယူသွားရပါမယ်။ စိတ်လှုပ်ရှားနေတဲ့အချိန်မှာ အသင်းကို ထိခိုက်စေမယ့်စကားတွေပြောဖို့ဆိုတာ အရမ်းလွယ်ပါတယ်။ လူတိုင်းကတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ကြတာပါပဲ" လို့ သူက ပြောပါတယ်။

ဝုဗ်နဲ့ပွဲစဉ်မှာ အချိန်တွေကုန်ဆုံးလာတာနဲ့အမျှ အာဆင်နယ်ကစားသမားတွေဟာ ပိုပြီး စိတ်လှုပ်ရှားလာတာကို တွေ့ရပါတယ်။ ဒါဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးလိဂ်ဖလားရယူနိုင်ရေးကြိုးပမ်းနေတဲ့ အသင်းမှာ ဖိအားတွေ ခံစားနေရတယ်ဆိုတာကို ပြသနေတာပါ။

အခုဆိုရင် သူတို့က ဒီကျရှုံးမှုမှ အမြန်ဆုံးပြန်ရုန်းထဖို့ ကြိုးစားရဖို့ရှိနေပြီး လာမယ့်တနင်္ဂနွေနေ့၊ တော့တင်ဟမ်နဲ့ မြောက်လန်ဒန်ဒါဘီပွဲ၊ မတ် ၁ ရက်၊ ချဲလ်ဆီးနဲ့အရေးကြီးအိမ်ကွင်းပွဲစဉ်တွေ ပြင်ဆင်သွားရပါတော့မယ်။

"ခက်ခဲတဲ့ကာလတွေကို ဖြတ်သန်းရပါဦးမယ်။ ဒီနေ့မှာတော့ နောက်ဆုံးမိနစ်မှာကျူးလွန်ခဲ့တဲ့ ကျွန်တော်တို့ အမှားအတွက် ပြန်ပေးဆပ်လိုက်ရတယ်။ အခြေခံကျတဲ့အရာတွေကို အရင်ကထက် ပိုပြီး ကောင်းအောင် လုပ်ရပါလိမ့်မယ်" လို့ အာတီတာက ဆိုပါတယ်။

ပွဲပြီးဆုံးချိန် အာဆင်နယ်ကစားသမားတွေ စိတ်ပျက်ပေါက်ကွဲခဲ့ကြပြီး ရာယာနဲ့ မာဂယ်လ်ဟေးစ်တို့အကြား အချင်းချင်းစကားများခဲ့ကြသလို တိုက်စစ်မှူးဂျီးဆပ်စ်လည်း ဝုဗ်နောက်ခံလူမော့စကွီယာကို တွန်းထိုးခဲ့ပါတယ်။

ဖိအားတွေများလာချိန် ကစားသမားတွေစိတ်ဓာတ်မကျအောင် ဘယ်လိုလုပ်မလဲလို့ မေးမြန်းရာမှာ အာတီတာက "သူတို့နဲ့ အမြဲနီးနီးကပ်ကပ်ရှိနေပြီး သူတို့တွေ ဘယ်လောက်အထိ ထူးချွန်ကြသလဲဆိုတာကို ပြန်သတိပေးသွားပါမယ်။ အခက်အခဲတွေနဲ့ ကြုံလာရချိန် ပြန်ရုန်းထွက်ရပါမယ်။ ကျွန်တော်တို့ ဒီဆုဖလားကို ဘယ်လောက်အထိလိုချင်တယ်၊ ဘယ်လောက်အထိစွမ်းဆောင်ရည်ရှိတယ်ဆိုတာကို ပြသရပါလိမ့်မယ်" လို့ ပြောကြားခဲ့ပါတယ်။