The network connection is lost.

Banner Image

မန်စီးတီးက တံခါးဖွင့်စောင့်ကြိုနေရင်တောင် ဇာဘီအလွန်ဆိုက လီဗာပူးကိုပဲ ရွေးချယ်လိမ့်မယ်လို့ ပီတစ်အခိုင်အမာပြော

အာဆင်နယ်ကြယ်ပွင့်ဟောင်း ပီတစ်က ဇာဘီအလွန်ဆိုဟာ မန်စီးတီးအသင်းထက် လီဗာပူးအသင်းကို ပိုပြီးရွေးချယ်သွားလိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။

အကယ်၍ ပက်ဂွါဒီယိုလာသာ ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာသွားခဲ့ရင် သူ့နေရာမှာ အစားထိုးဖို့အတွက် ဇာဘီအလွန်ဆိုနဲ့ အန်ဇိုမာရက်စကာတို့ဟာ ရေပန်းအစားဆုံး ကိုယ်စားလှယ်လောင်းတွေ ဖြစ်နေပါတယ်။ ဂွါဒီယိုလာဟာ ၂၀၁၆ ခုနှစ်ကတည်းက အသင်းကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ဆယ်စုနှစ်တစ်ခုအတွင်းမှာ ချန်ပီယံလိဂ်ဖလား အပါအဝင် ပရီမီယာလိဂ်ဖလားတွေကို အကြိမ်ကြိမ် ဆွတ်ခူးပေးထားနိုင်ခဲ့သူပါ။

ရီးရဲလ်မက်ဒရစ်အသင်းမှာ ခြောက်လကြာ တာဝန်ယူခဲ့ပြီးနောက် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ အလွန်ဆိုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ က သူကွင်းလယ်လူအဖြစ် ကစားခဲ့ဖူးတဲ့ လီဗာပူးအသင်းဆီ ပြန်လာဖို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ လောလောဆယ်မှာ အလွန်ဆိုဟာ အသင်းလက်မဲ့ဖြစ်နေပေမဲ့ ရာသီကုန်မှာ လီဗာပူးအသင်းရဲ့ နည်းပြနေရာသာ လစ်လပ်သွားမယ်ဆိုရင် မန်စီးတီးရဲ့ အခွင့်အရေးရှိနေရင်တောင် သူငြင်းပယ်လိမ့်မယ်လို့ ပီတစ်က Ignition Casino နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

"ဇာဘီအလွန်ဆိုအနေနဲ့ လီဗာပူးကို ပြန်လာဖို့ အခွင့်အရေးရှိမယ်ဆိုရင် မန်စီးတီးမှာ နေရာလွတ်နေရင်တောင် လီဗာပူးကိုပဲ ရွေးချယ်မယ်ဆိုတာ ကျွန်တော် သေချာပေါက် ပြောရဲပါတယ်။ သူဟာ လီဗာပူးနဲ့ ရင်းနှီးတဲ့ ပတ်သက်မှုရှိသလို အဲ့ဒီမှာ ကစားသမားဘဝနဲ့ အောင်မြင်မှုတွေလည်း ရခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်မှာ သူ မအောင်မြင်ခဲ့တာကတော့ တခြားနည်းပြတော်တော်များများလည်း ကြုံတွေ့ရလေ့ရှိတဲ့ အခြေအနေမျိုးပါပဲ။ အကယ်၍ သူသာ ပရီမီယာလိဂ်ကို လာမယ်ဆိုရင် လီဗာပူးဟာ သူ့အတွက် အသင့်တော်ဆုံးကလပ် ဖြစ်ပါလိမ့်မယ်။ အာတီတာနဲ့ အာဆင်နယ်တို့ရဲ့ ပတ်သက်မှုလိုမျိုးပါပဲ၊ ပက်ဂွါဒီယိုလာ ထွက်သွားရင်တောင် သူ မန်စီးတီးကိုသွားဖို့ စဉ်းစားမှာမဟုတ်ပါဘူး" လို့ ပီတစ်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက ဂွါဒီယိုလာကို သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာတော့ "ကျွန်တော့်မှာ စာချုပ်ရှိပါတယ်။ ဒါကို အကြိမ်ပေါင်း ကုဋေကုဋာမက ပြောပြီးပါပြီ။ ဒီမှာနေလာတာ ၁၀ နှစ်ရှိပြီဆိုတော့ တစ်နေ့နေ့မှာတော့ ထွက်ခွာရမှာပါ၊ ဒါပေမဲ့ အခုတော့ ကျွန်တော့်မှာ စာချုပ်ရှိနေပါသေးတယ်" လို့ ပြောကြားခဲ့ပါတယ်။

RMC Sport ရဲ့ ဖော်ပြချက်အရ မာဆေးလ်အသင်းဟာ ပီအက်စ်ဂျီကို ၅ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ရောဘတ်တို ဒီဇာဘီကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ဟာဘစ်ဘီယေးနဲ့ ဆွေးနွေးမှုတွေ အရှိန်မြှင့်လုပ်ဆောင်နေတာကြောင့် အလွန်ဆိုကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စဉ်းစားခဲ့တာမျိုးလည်း ရှိခဲ့တယ်လို့ သိရပါတယ်။