ဒီအိုမန်ဒီကိုခေါ်ယူနိုင်ရေးပြိုင်ပွဲမှာ ပါဝင်လာဖို့ အသင့်ရှိနေတဲ့ လီဗာပူး
မိုဟာမက်ဆာလက်ရဲ့နေရာအစားထိုးဖို့အတွက် လိုက်ပ်ဇစ်လူငယ်ကြယ်ပွင့်ဒီအိုမန်ဒီကိုခေါ်ယူနိုင်ရေးပြိုင်ပွဲဆီ လီဗာပူးအသင်းလည်း ပါဝင်လာဖို့ အသင့်ဖြစ်နေပါပြီ။
မိုဆာလက်က ပြီးခဲ့တဲ့ဧပြီလအတွင်း နှစ်နှစ်သက်တမ်းရှိစာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့လို့ ပရီးမီးယားလိဂ်ချန်ပီယတွေနဲ့အတူ ၂၀၂၇ ခုနှစ်အထိ ရှိနေပါလိမ့်မယ်။
ဒါပေမဲ့ ဆော်ဒီပရိုလိဂ်ဆီပြောင်းရွှေ့မယ်ဆိုတဲ့သတင်းတွေ အဆက်မပြတ်ထွက်ပေါ်နေမှုအပြင်၊ အသင်းက သူ့အပေါ် တာဝန်မယူဘဲ အပြစ်ဖို့ခဲ့တယ်ဆိုတဲ့ အခုရာသီအစောပိုင်းပြောစကားတို့ကြောင့် မိုဆာလက်ကို အသင်းမှထွက်ခွာမယ့်သူအဖြစ် ရှုမြင်မှုတွေ များပြားလာပါတယ်။
အခုဘောလုံးရာသီကုန်ဆုံးချိန်၊ အသက် ၃၄ နှစ်ပြည့်မြောက်မယ့် အီဂျစ်တိုက်စစ်မှူးရဲ့နေရာမှာ လူငယ်သွေးသစ်တွေနဲ့ အမြန်ဆုံးအစားထိုးနိုင်ဖို့ နည်းပြ အန်းစလော့က အသည်းအသန်ကြိုးစားနေတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
talkSPORT နဲ့ The Mirror တို့ရဲ့ဖော်ပြချက်အရ ဘွန်ဒက်လီဂါမှာခြေစွမ်းပြပြီး တောက်ပလာတဲ့ လိုက်ပ်ဇစ်လူငယ်ကြယ်ပွင့်ဒီအိုမန်ဒီက လီဗာပူးပစ်မှတ်ကစားသမားစာရင်းရဲ့ထိပ်ဆုံးနေရာမှာ ရှိနေတယ်လို့ သိရပါတယ်။
လိုက်ပ်ဇစ်ဘက်ကတော့ ဒီအိုမန်ဒီကို နောက်ထပ်တစ်ရာသီလောက် ထပ်မံထိန်းသိမ်းထားချင်တယ်လို့ အစောပိုင်းမှာ ရှင်းရှင်းလင်းလင်းပြောထားပါတယ်။ ဒါပေမဲ့ ဖလော်ရီယန်ဝစ်ဇ်နဲ့ အီဆက်ခ်တို့လိုပဲ ပရီးမီးယားလိဂ်ချန်ပီယံတွေရဲ့ငွေလုံးငွေရင်းဖြင့် ကမ်းလှမ်းလာမှုကို ငြင်းပယ်ဖို့ဆိုတာ ဂျာမန်ဘွန်ဒက်စ်လီဂါကလပ်အသင်းအတွက် ခက်ခဲလွန်းပါလိမ့်မယ်။
မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ကလည်း ဒီအိုမန်ဒီကို မျက်စိကျနေကြတာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့သီပတ်၊ ဝုဖ်ဘတ်နဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ အိုင်ဗရီကို့စ်လက်ရွေးစင်ကစားသမားကို လီဗာပူးအသင်းကင်းထောက်တွေ အသေအချာသွားရောက်စောင့်ကြည့်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြနေပါတယ်။
လိုက်ပ်ဇစ်က ဒီအိုမန်ဒီအတွက် ယူရိုသန်း ၁၀၀ အထိ တောင်းဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဆာလက်ကို လက်လွှတ်လိုက်ရရင် သူ့ရဲ့များပြားလှတဲ့လစာငွေတွေ လျှော့ချနိုင်ဖို့ရှိသလို အလားအလာအများကြီးရှိတဲ့ ကစားသမားတစ်ယောက်အတွက် ပြောင်းရွှေ့ကြေးပမာဏကြီးကြီးမားမားရင်းနှီးမြှုပ်နှံဖို့ဆိုတာ လီဗာပူးအတွက် ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။