The network connection is lost.

Banner Image

မိုဆာလက်နေရာမှာ အစားထိုးဖို့ အသင့်တော်ဆုံးသူကို ရွေးချယ်ပေးသွားတဲ့ တောင်ဆန်

ချဲလ်ဆီးနဲ့ အိုင်ယာလန်လက်ရွေးစင်အသင်းကစားသမားဟောင်းတောင်ဆန်က လီဗာပူးကြယ်ပွင့်မိုဆာလက်ရဲ့နေရာမှာ ဝက်စ်ဟမ်းတိုက်စစ်မှူးဘိုဝင်က အစားထိုးဝင်ရောက်နိုင်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်နှစ်ပတ်လုံး ပရီးမီးယားလိဂ်မှထွက်ခွာသွားတော့မယ်လို့ သတင်းကြီးနေတဲ့ အီဂျစ်ကြယ်ပွင့်ကို ဆော်ဒီပရိုလိဂ်ကလပ်အသင်းကိုယ်တိုင်လည်း စိတ်ဝင်စားနေဆဲဖြစ်ပါတယ်။

မိုဆာလက်က ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း အင်တာဗျူးတစ်ခုမှာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ သံသယဖြစ်စရာတွေ ပြောခဲ့ဖူးသလို အခုရာသီကုန်မှာ ပရိသတ်တွေဆီ အပြီးတိုင်နှုတ်ဆက်ပြီး အသင်းမှထွက်ခွာသွားလိမ့်မယ်လို့ သတင်းတွေမှာ ဖော်ပြနေပါတယ်။ လတ်တလောမှာ အသက် ၃၃ နှစ်အရွယ်ကစားသမားနေရာကို အစားထိုးဖို့ ပြီးခဲ့တဲ့ဘောလုံးရာသီအနည်းငယ်အတွင်း ခြေစွမ်းပြနေတဲ့ ဘိုဝင်က သတင်းကြီးနေတာပါ။ အင်္ဂလန်လက်ရွေးစင်ကစားသမား ဘိုဝင်က အခုရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရှစ်ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှုသုံးကြိမ် ပြုလုပ်ထားပါတယ်။ ဒါ့အပြင် ဘိုဝင်က အသက်-၂၉ နှစ်အရွယ်ရှိပြီဖြစ်လို့ မိုဆာလက်ရဲ့နေရာမှာအစားထိုးပေးနိုင်မယ့် အတွေ့အကြုံမျိုးလည်း ပိုင်ဆိုင်ထားပါတယ်။

တောင်ဆန်ကလည်း ဒီသတင်းတွေအပေါ် သဘောတူညီနေပြီး လီဗာပူးရှိရာ မြောက်ဘက်ဒေသဆီကို ဘိုဝင်ပြောင်းရွှေ့သင့်တယ်လို့ BOYLE Sports နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ 

"လာမယ့်ရာသီမှာ မိုဟာမက်ဆာလက်ရဲ့နေရာကို ဘယ်သူနဲ့ အစားထိုးမလဲ။ ကျွန်တော့်အမြင်အရတော့ ဘိုဝင်က လီဗာပူးအတွက် အရမ်းကောင်းတဲ့ခေါ်ယူမှု ဖြစ်လာပါလိမ့်မယ်။ ရိုဒရီဂိုနဲ့ သတင်းတွေထွက်နေတာကိုတော့ ကျွန်တော် သိပ်နားမလည်ဘူး။ ရီးရဲလ်မက်ဒရစ်မှာ ကစားနေတယ်ဆိုရင် အရည်အချင်းရှိတာတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ သူ့ကိုတော့ ကြယ်ပွင့်ကစားသမားကြီး (Galactico) တစ်ယောက်အဖြစ် ကျွန်တော် မမြင်မိဘူး။ ဘိုဝင်သာ လီဗာပူးဆီရောက်သွားရင် ညာတောင်ပံမှတဆင့် ပြိုင်ဘက်တွေကို တကယ်ခြိမ်းခြောက်နိုင်ပါလိမ့်မယ်။ သူတို့ဆီမှာ ဂတ်ပို၊ အီကီတီကီနဲ့ ဘိုဝင်တို့သာ ရှိနေမယ်ဆိုရင် အရှိန်အဟုန်၊ လုပ်အားနှုန်း၊ ဂိုးသွင်းနိုင်စွမ်းတွေ ပြီးပြည့်စုံလာပြီး ဒါဟာ တိုက်စစ်တန်းတစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့အချက်တွေ အကုန်ပါဝင်နေပါတယ်" လို့ တောင်ဆန်က သုံးသပ်ပြပါတယ်။

ဒါ့အပြင် "ဆာလက်က ဒီနွေရာသီထက်ပိုပြီး အသင်းမှာဆက်ရှိနေမယ်လို့ ကျွန်တော်မယူဆထားလို့ ဘိုဝင်ကို လီဗာပူးစဉ်းစားသင့်ပါတယ်။ အန်ဖီးလ်မှာ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့၊ အခုအချိန်မှာတော့ မိုဆာလက်က အရင်လိုတက်ကြွမှုတွေ သိပ်မရှိတော့ဘူးလို့ ခံစားရတယ်။ ဆက်ဆံရေးပြဿနာကြောင့်လား ဒါမှမဟုတ် အသက်ကြီးလာလို့လားတော့ မသိဘူး၊ ဘာပဲဖြစ်ဖြစ် သူက အရင်တုန်းကလို ဂိုးအရေအတွက်တွေ ဆက်ထိန်းထားနိုင်မှာ မဟုတ်ပါဘူး။ အခုအချိန်မှာ မိုဆာလက်က အားကုန်သလောက်ဖြစ်နေပြီ။ ဒါကို ရှက်စရာလို့ မမြင်ပါဘူး။ ဒါက ဘောလုံးလောကရဲ့ သဘာဝဖြစ်သလို အသက်ကြီးလာရင် ကြုံတွေ့ရမယ့်အရာတွေပါ။ မိုဆာလက်ရဲ့အကောင်းဆုံးအချိန်တွေ ကုန်လွန်သွားပြီဖြစ်လို့ အသင်းက သူ့နေရာမှာ အစားထိုးဖို့ လိုနေပါပြီ" လို့လည်း တောင်ဆန်က ဆက်ပြောပါတယ်။

လက်ရှိမှာ လီဗာပူးက ဘိုင်ယန်မြူးနစ်ရဲ့အိုလီစီနဲ့ လိုက်ပ်ဇစ်စတားဒီအိုမန်ဒီတို့ကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။