အန်ဒိုဒဏ်ရာရရှိမှုအတွက် လီဗာပူးကစားသမားတွေ စိတ်မကောင်းဖြစ်နေကြတယ်လို့ ဗန်ဒိုက်ပြော
လီဗာပူးအသင်းခေါင်းဆောင်ဗန်ဒိုက်က ဒဏ်ရာကြောင့် အန်ဒိုအနားယူနေရမှုကို အသင်းအတွက် အကြီးအကျယ်ထိခိုက်နစ်နာမှုတစ်ခုဖြစ်တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။
ဂျပန်လက်ရွေးစင်ကွင်းလယ်လူက လက်ရှိမှာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ပွဲစဉ်တွေနဲ့ ဝေးကွာနေပါတယ်။
"တကယ့်ကို စိတ်မကောင်းစရာပါပဲ၊ ဆန်းဒါးလန်းနဲ့ပွဲစဉ်အပြီး ကျွန်တော်တို့အားလုံး တကယ်ကို စိတ်မကောင်းဖြစ်ခဲ့ရပါတယ်" လို့ ဗန်ဒိုက်က ဆိုပါတယ်။
"ဆောက်သမ်တန်မှာ ကျွန်တော်ရှိတုန်းကလည်း အခုလိုမျိုး ခြေထောက်ဒဏ်ရာရဖူးပါတယ်၊ ဒါဟာ တကယ်ကိုလက်ခံရခက်တဲ့ ဒဏ်ရာမျိုးပါ။ ဒါပေမဲ့ ကျွန်တော်တို့အားလုံး သူ့ဘက်မှာရှိနေသလို သူလိုအပ်တာမှန်သမျှကိုလည်း တစ်လျှောက်လုံးကူညီအားပေးသွားပါမယ်။ ကောင်းမွန်တဲ့အခြေအနေတော့ မဟုတ်ပါဘူး၊ သူက အသင်းအတွက် အရေးပါပြီး အားလုံးလေးစားရတဲ့ ကစားသမားတစ်ဦးဖြစ်သလို စံနမူနာပြ ဦးဆောင်နိုင်တဲ့ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ ကွင်းထဲမှာ သူက အစွမ်းကုန်ပေးဆပ်ကစားတတ်ပြီး ဒါကို ခင်ဗျားတို့လည်း မြင်တွေ့ဖူးပါလိမ့်မယ်။ အခုလို သူဒဏ်ရာရသွားမှုက အသင်းအတွက် အကြီးအကျယ်ထိခိုက်မှုဖြစ်ပေမဲ့ ဒါကို ကျွန်တော်တို့ ရင်ဆိုင်သွားပါမယ်။ ဒဏ်ရာကို သိပ်မကြာစေဖို့ မျှော်လင့်မိပေမဲ့ အတန်ကြာအနားယူရမယ့်ပုံပါပဲ" လို့လည်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။