The network connection is lost.

Banner Image

ဝုဗ်နဲ့ပွဲမှာ အာဆင်နယ်ရဲ့ခြေစွမ်းက လုံလောက်မှုမရှိခဲ့ဘူးလို့ ဆာကာဝန်ခံ

အာဆင်နယ်တိုက်စစ်ကစားသမား ဘူကာယိုဆာကာက ဝုဗ်အသင်းနဲ့ ၂-၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲအပြီးမှာ အဝတ်လဲခန်းအတွင်း စိတ်ပျက်မှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ ပွဲကစားချိန် နောက်ဆုံး ၁၀ မိနစ်အတွင်းမှာတင် အိမ်ရှင်အသင်းကို ချေပဂိုး ၂ ဂိုး ပြန်ပေးလိုက်ရတာကြောင့် ၂ ဂိုးအသာနဲ့ ဦးဆောင်ထားမှုကို လက်လွှတ်ခဲ့ရတာပါ။

ပွဲအပြီးမှာတော့ ဆာကာက "တကယ်ကို စိတ်ပျက်ဖို့ကောင်းပါတယ်။ ရလဒ်အပေါ်မှာရော၊ အထူးသဖြင့် ဒုတိယပိုင်းမှာ ကျွန်တော်တို့ ကစားခဲ့တဲ့ ပုံစံအပေါ်မှာပါ အရမ်းကို စိတ်ပျက်မိပါတယ်။ ဒါဟာ ဒီရာသီမှာ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေနဲ့ အလှမ်းဝေးလွန်းနေပါတယ်" လို့ ပြောခဲ့ပါတယ်။

"ပြီးခဲ့တဲ့ ပွဲအနည်းငယ်က ခြေစွမ်းတွေကို ပြန်သုံးသပ်ပြီး ပြဿနာတွေကို ချက်ချင်းပြင်ဆင်ဖို့ အချိန်တန်ပါပြီ။ ဒါမှလည်း နိုင်ပွဲတွေပြန်ရမယ်၊ အရှိန်အဟုန်ပြန်ရပြီး ပွဲဆက်တွေ အနိုင်ရမှာပါ။ အခုတော့ အဲဒီအရှိန်အဟုန်တွေ နည်းနည်းလျော့သွားသလို ဖြစ်နေတယ်" လို့လည်း သူက ဆိုပါတယ်။

"ကျွန်တော်တို့ရဲ့ မူလခြေစွမ်းအတိုင်း ပြန်ကစားနိုင်ဖို့ လိုမယ်လို့ပဲ ထင်ပါတယ်။ အခြေခံအချက်တွေကို သေသေချာချာ လုပ်ဆောင်ရပါမယ်။ အထူးသဖြင့် အခုနောက်ပိုင်း အမှတ်တွေလျော့နေတဲ့ ပွဲမျိုးတွေမှာ အနိုင်ရဖို့အတွက် ကျွန်တော်တို့အသင်းမှာ လုံလောက်တဲ့ အရည်အသွေးတွေ ရှိပြီးသားပါ။ ဒါကို ပြန်ပြင်ဆင်ဖို့ပဲ အခုချိန်မှာ အပြည့်အဝ အာရုံစိုက်ထားပါတယ်" လို့ ဆက်ပြောပါတယ်။

ဒီရလဒ်ကြောင့် အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ဇယားထိပ်မှာ ဒုတိယနေရာက မန်စီးတီးထက် တစ်ပွဲပိုကစားထားပြီး ၅ မှတ်အသာနဲ့သာ ဆက်လက်ဦးဆောင်နိုင်တော့တာဖြစ်ပါတယ်။