The network connection is lost.

Banner Image

မန်စီးတီးမှထွက်ခွာလိုနေတဲ့ ထရက်ဖို့ဒ်ကိုခေါ်ယူဖို့ ပြင်ဆင်လာတဲ့ နယူးကာဆယ်

မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ခဲ့သော်လည်း အဆင်မပြေဖြစ်နေသည့် ဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ်ကို နယူးကာဆယ်အသင်းက ကမ်းလှမ်းမှုများပြုလုပ်ပြီး လမ်းစသစ်တစ်ခု ဖော်ဆောင်ပေးရန် ပြင်ဆင်နေသည်။ အသက် ၂၃ နှစ်အရွယ်ရှိ ထရက်ဖို့ဒ်သည် ပြီးခဲ့သည့်နွေရာသီက ဘန်လေအသင်းမှ ပေါင် ၂၇ သန်းဖြင့် မန်စီးတီးသို့ ပြန်လည်ပြောင်းရွှေ့လာခဲ့သူဖြစ်သော်လည်း လက်ရှိတွင် အသင်း၏ ဒုတိယဂိုးသမားအဖြစ်သာ ရှိနေသည်။

မန်စီးတီးအသင်းသည် ထိုအပြောင်းအရွှေ့ကာလအတွင်းမှာပင် ပီအက်စ်ဂျီအသင်းမှ ကြယ်ပွင့်ဂိုးသမား ဒွန်နာရမ်မာကိုလည်း တစ်ပါတည်း ခေါ်ယူခဲ့သည်။ အီတလီဂိုးသမားဖြစ်သူ ဒွန်နာရမ်မာသည် နည်းပြ ဂွါဒီယိုလာ၏ လက်အောက်တွင် အစွမ်းပြနေသဖြင့် ဂွါဒီယိုလာအနေဖြင့် ထရက်ဖို့ဒ်ကို ပွဲထွက်ခွင့်ပေးရန် တွန့်ဆုတ်နေပုံရသည်။

ပြီးခဲ့သည့် စနေနေ့က ဆဲလ်ဖို့ဒ်စီးတီးကို ၂-၀ ဖြင့် အနိုင်ရရှိခဲ့သည့် အက်ဖ်အေဖလားပွဲစဉ်တွင် အောက်တိုဘာလနောက်ပိုင်း ၅ ကြိမ်မြောက် ပွဲထွက်ခွင့်အဖြစ် ပါဝင်ကစားခဲ့ရပြီးနောက် ထရက်ဖို့ဒ်က "ဒီရာသီကို စတင်ချိန်မှာ ကျွန်တော် မျှော်လင့်ထားခဲ့သလိုမျိုး ဖြစ်မလာခဲ့ပါဘူး။ ဒါပေမဲ့ ဒါက လက်ရှိအခြေအနေဖြစ်လို့ ကျွန်တော့်ဘက်က အကောင်းဆုံး ကြိုးစားသွားရမှာပါ။ ကျွန်တော်တို့ နေ့တိုင်း လေ့ကျင့်မှုတွေ လုပ်နေသလို ဂိုးတွေကို ကာကွယ်ရတာကလည်း ပျော်စရာကောင်းပါတယ်" ဟု ပြောကြားခဲ့သည်။

ယခုအခါ talkSPORT သတင်းဌာန၏ ဖော်ပြချက်အရ ပရီးမီးယားလိဂ်ပြိုင်ဘက် နယူးကာဆယ်အသင်းသည် ဂွါဒီယိုလာ၏အသင်းမှ ထရက်ဖို့ဒ်ကို ကယ်တင်ရန် အသင့်ဖြစ်နေပြီး ယင်းသည် နွေရာသီ၏ အရေးပါသော အပြောင်းအရွှေ့တစ်ခု ဖြစ်လာနိုင်ကြောင်း သိရသည်။ သို့သော်လည်း နယူးကာဆယ်အနေဖြင့် လိဒ်စ်ယူနိုက်တက်၊ အက်စတွန်ဗီလာတို့ကဲ့သို့ ပြိုင်ဘက်များနှင့် ပြင်းထန်သော အပြိုင်အဆိုင်များကို ရင်ဆိုင်ရမည်ဖြစ်သည်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်ဂိုးသမားသည် နောင်နှစ်များတွင် နည်းပြ သောမတ်စ်တူချယ်၏ လက်အောက်၌ ဂျော်ဒန်ပစ်ဖို့ဒ်၏နေရာကို အစားထိုးဝင်ရောက်လာမည့်သူအဖြစ်လည်း ရှုမြင်ခံထားရသည်။

ထရက်ဖို့ဒ်သည် ပြီးခဲ့သည့်ရာသီက ဘန်လေအသင်း ပရီးမီးယားလိဂ်သို့ တန်းတက်နိုင်အောင် ကူညီပေးခဲ့ရာတွင် ၄၅ ပွဲ ကစားပေးခဲ့ပြီး ချန်ပီယံရှစ်ပြိုင်ပွဲတွင် ၁၆ ဂိုးသာ ပေးခဲ့ရသူဖြစ်သည်။ ယခုအခါ သူ့ကို အထင်ကြီးလေးစားမှု မရှိတော့သော အသင်းမှ ထွက်ခွာကာ ပွဲကစားခွင့် ပိုမိုရရှိနိုင်မည့် ဒုတိယမြောက် အသင်းသစ်တစ်ခုသို့ ပြောင်းရွှေ့ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ နစ်ပုပ် ဒဏ်ရာရရှိခဲ့ပြီးနောက် နိုဝင်ဘာလအတွင်းက သောမတ်စ်တူချယ်၏ အင်္ဂလန်အသင်းတွင် ခေါ်ယူခြင်းခံခဲ့ရသည့် ၎င်းအနေဖြင့် အသင်းတွင် ကစားခွင့်ရသည့် မိနစ်နည်းပါးနေသော်လည်း လာမည့်နွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ခွင့်ရရန် မျှော်လင့်နေဆဲဖြစ်သည်။