ကွာရာဘတ်နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ၄ ဂိုးသွင်းယူနိုင်ခဲ့လို့ အလွန်ဂုဏ်ယူမိကြောင်း ဂေါ်ဒွန် ပြောကြား
နယူးကာဆယ်အသင်းရဲ့ ကြယ်ပွင့်ကစားသမား အန်သိုနီဂေါ်ဒွန်က ကွာရာဘတ်အသင်းနဲ့ပွဲမှာ အံ့အားသင့်စရာကောင်းလောက်အောင် ချန်ပီယံလိဂ်သွင်းဂိုး ၄ ဂိုး သွင်းယူနိုင်ခဲ့တဲ့အတွက် အလွန်ဂုဏ်ယူမိတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
အဇာဘိုင်ဂျန်မြေမှာ ကစားခဲ့တဲ့ ပလေးအော့ဖ်အဆင့် ပထမအကျော့ပွဲစဉ်မှာ နယူးကာဆယ်က ၆ ဂိုး - ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အဆိုပါပွဲမှာ ဂေါ်ဒွန်က ၄ ဂိုးအထိ သွင်းယူပေးခဲ့တာပါ။
"ကျွန်တော့်ကိုယ်ကျွန်တော်တင်မဟုတ်ဘဲ အသင်းမှာပါဝင်သူအားလုံးအတွက် အလွန်ဂုဏ်ယူမိပါတယ်။ ဒီကိုလာကစားဖို့က ဘယ်တော့မှမလွယ်ကူတဲ့အတွက် အသင်းတစ်ဖွဲ့လုံးအတွက် တကယ်ကို ဝမ်းသာမိပါတယ်" လို့ ပွဲအပြီးမှာ သူက ပြောပါတယ်။
"အဓိကသော့ချက်ကတော့ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ပါပဲ။ ကွာရာဘတ်က အသင်းကောင်းတစ်သင်းဖြစ်ပြီး ဒီကွင်းမှာ လာကစားရတာ ခက်ခဲပါတယ်။ ဒါပေမဲ့ ပွဲအစကတည်းက ကျွန်တော်တို့ရဲ့ ဖိအားပေးကစားပုံတွေက ပွဲအခြေအနေကို အဆုံးအဖြတ်ပေးခဲ့တာပါ။ ကျွန်တော်တို့ဟာ အလျှော့မပေးဘဲ ပြိုင်ဆိုင်လိုစိတ်အပြည့်နဲ့ ကစားခဲ့ကြပြီး အဲ့ဒီဖိအားပေးမှုတွေကနေတစ်ဆင့် အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တာပါ" လို့ ၎င်းက ဆက်ပြောပါတယ်။
"ချန်ပီယံလိဂ်နဲ့ပတ်သက်ရင်တော့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ရိုးရှင်းပါတယ်။ တစ်ပွဲချင်းစီကို အကောင်းဆုံးအာရုံစိုက်ပြီး နောက်ထပ်ပွဲစဉ်ကို အနိုင်ရအောင် ကြိုးစားသွားမှာပါ။ စံချိန်တင်နိုင်တာတွေက ကောင်းပါတယ်၊ ဒါပေမဲ့ ဘောလုံးဆိုတာ အသင်းလိုက်ကစားရတဲ့ ကစားနည်းပါ။ အသင်းအောင်မြင်မှသာ တစ်ဦးချင်းခြေစွမ်းပြနိုင်မှုတွေက အဓိပ္ပာယ်ရှိမှာဖြစ်ပြီး ဒီညမှာတော့ အသင်းနိုင်ဖို့က အရေးအကြီးဆုံးပါပဲ" လို့ ဂေါ်ဒွန်က ဆိုပါတယ်။