The network connection is lost.

Banner Image

ကွာရာဘတ်နဲ့ပွဲမှာ ၄ ဂိုးအထိသွင်းယူခဲ့တဲ့ ဂေါ်ဒွန်ကို ဟိုဝီချီးကျူး

အဇာဘိုင်ဂျန်မြေမှာ ချန်ပီယံလိဂ်ပြိုင်ဘက် ကွာရာဘတ်အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးနောက် နယူးကာဆယ်ယူနိုက်တက်နည်းပြ အက်ဒီဟိုဝီက သူ့ရဲ့ကစားသမားတွေအပေါ် အလွန်ကျေနပ်အားရနေပါတယ်။

ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ ပလေးအော့ဖ် ပထမအကျော့ပွဲစဉ်မှာ နယူးကာဆယ်က ၆-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အန်သိုနီဂေါ်ဒန်က ၄ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ မာလစ်သီယောနဲ့ ဂျက်ကော့မာဖီတို့ကလည်း အသင်းအတွက် ဂိုးတွေ သွင်းပေးခဲ့ပါသေးတယ်။

ပွဲအပြီးမှာ အက်ဒီဟိုဝီက "ကျွန်တော်တို့ ဒုတိယပိုင်းမှာလည်း ဒီလိုပုံစံအတိုင်း အရှိန်မပျက် ဆက်သွားချင်ခဲ့တာပါ။ ဒါပေမဲ့ ကစားကွက်က ပြောင်းလဲသွားတယ်။ သူတို့က ကွင်းထဲမှာ ပိုပြီး ခံစစ်ပိတ်ကစားလာတဲ့အတွက် ကျွန်တော်တို့အတွက် ပိုခက်ခဲသွားပါတယ်။ ဒါကို ညှိယူဖို့ အချိန်အနည်းငယ် ယူခဲ့ရပေမဲ့ ပွဲပြီးခါနီးမှာတော့ ပြန်ပြီး ကောင်းမွန်လာခဲ့ပါတယ်။ ခြုံပြောရရင် ဒီနေ့က ကျွန်တော်တို့အတွက် တကယ့်ကို ကောင်းမွန်တဲ့နေ့တစ်နေ့ပါပဲ" လို့ ပြောကြားခဲ့ပါတယ်။

ဂေါ်ဒန်နဲ့ ပတ်သက်ပြီးတော့လည်း "သူ ပထမပိုင်းမှာ တကယ်ကို ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ သူကပဲ ဖိအားပေးကစားတာကို စတင်ခဲ့တာပါ။ သူသွင်းယူခဲ့တဲ့ ဂိုးအချို့ဟာ ဘောလုံးမရှိတဲ့အချိန်မှာ သူပြသခဲ့တဲ့ ကြိုးစားအားထုတ်မှုကြောင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံးသွင်းဂိုးအတွက်လည်း တကယ်ကို ဝမ်းသာမိပါတယ်။ အဲ့ဒီဂိုးက အရေးကြီးတဲ့ အချိန်မှာ ရခဲ့တာဖြစ်သလို အဆုံးသတ်ပုံကလည်း တကယ်ကို ကောင်းမွန်ပါတယ်" လို့ ဆက်ပြောပါတယ်။

ဒါ့အပြင် အက်ဒီဟိုဝီက ဂိုးမသွင်းနိုင်ခဲ့ပေမဲ့လည်း ဗဟိုတိုက်စစ်မှူး နစ်ခ်ဝေါ်လ်တီမိတ်ရဲ့ ကစားပုံကိုလည်း သဘောကျနေပါတယ်။

"ဒီနေ့ပွဲမှာ နစ်ခ်က တကယ်ကို ကောင်းခဲ့ပါတယ်။ ဘောလုံးမရှိတဲ့အချိန်မှာ နည်းဗျူဟာပိုင်းအရ ကောင်းမွန်သလို သူ့ကို ဘာတွေလုပ်ဖို့ ခိုင်းထားသလဲဆိုတာကိုလည်း ကောင်းကောင်း နားလည်ပါတယ်။ ဘောလုံးလက်ဝယ်ရှိချိန်မှာလည်း တကယ်ကို ယုံကြည်စိတ်ချရပြီး ဘောလုံးအဆုံးရှုံးမခံတာကို တွေ့ရပါတယ်။ ခက်ခဲတဲ့ အခြေအနေအချို့မှာလည်း သူ တော်တော်လေး ကောင်းမွန်ခဲ့ပါတယ်။ အဲ့ဒီနေရာမှာ ကစားဖို့ လိုအပ်တဲ့ ဖန်တီးနိုင်စွမ်းတွေလည်း သူ့မှာ ရှိပါတယ်။ ဒါကြောင့် သူ့ရဲ့ ဒီနေ့ စွမ်းဆောင်ရည်အတွက် သူကိုယ်တိုင်လည်း ကျေနပ်နိုင်ပါတယ်။

နှစ်ကျော့ပေါင်းရလဒ်အရ ပွဲက မပြီးသေးဘူးဆိုတာ သိပေမဲ့ အခုက ကျွန်တော်တို့အတွက် အရမ်းကောင်းတဲ့ အနေအထားပါ။ အချိန်တိုင်းမှာ ပရော်ဖက်ရှင်နယ်ပီသစွာ ကစားသွားဖို့ပဲ လိုပါတယ်။ ဘောလုံးဆိုတာ ဘယ်လိုမျိုး ပြောင်းလဲသွားနိုင်သလဲဆိုတာ သိထားတဲ့အတွက် ပြိုင်ဘက်တိုင်းကို လေးစားမှုရှိရပါမယ်။ နောက်တစ်ပွဲမှာလည်း ကျွန်တော်တို့ အကောင်းဆုံး ဖြစ်နေဖို့ လိုအပ်ပါတယ်" လို့ အက်ဒီဟိုဝီက ပြောကြားခဲ့ပါတယ်။