The network connection is lost.

Banner Image

အီဒါဆင်နဲ့ သူရဲ့ကြားက ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းအရာတစ်ခုကို ဖွင့်ဟပြောကြားလာတဲ့ ဒွန်နာရမ်မာ

မန်စီးတီးအသင်းရဲ့ နံပါတ်တစ်ဂိုးသမားနေရာ အပြောင်းအလဲမှာ အီဒါဆင်က သူ့နေရာကို ဆက်ခံမယ့် ဒွန်နာရမ်မာကို လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်စကားဆိုခဲ့တာကြောင့် နှစ်ဦးကြားမှာ နွေးထွေးတဲ့ ဆက်ဆံရေးတစ်ခု ရှိနေခဲ့ပါတယ်။

ဒွန်နာရမ်မာဟာ ပီအက်စ်ဂျီ အသင်းနဲ့ အဆင်မပြေဖြစ်ပြီး လမ်းခွဲခဲ့ပြီးနောက် အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ပေါင် ၂၆ သန်းနဲ့ အီတီဟတ်ကွင်းကို ရောက်ရှိလာခဲ့တာပါ။ အသင်းကို ရောက်လာချိန်ကစလို့ သူဟာ ပက်ဂွါဒီယိုလာရဲ့ လူစာရင်းမှာ ပွဲထွက်ဂိုးသမားအဖြစ် အမြဲတမ်း ပါဝင်ခွင့်ရနေသူလည်း ဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် အီတလီဂိုးသမားဟာ ဒီရာသီမှာ မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၃၀ ပွဲအထိ ပါဝင်ကစားပေးထားပြီးဖြစ်သလို အသင်းအကယ်ဒမီထွက် ဂျိမ်းစ်ထရပ်ဖို့ဒ်ကိုပါ ကျော်ဖြတ်ပြီး နံပါတ်တစ်ဂိုးသမားနေရာကို အပိုင်ယူထားနိုင်ခဲ့ပါတယ်။

၂၀၂၅-၂၆ ရာသီအစမှာ ရုန်းကန်ခဲ့ရပေမဲ့ အခုအခါမှာတော့ မန်စီးတီးဟာ ချန်ပီယံဆုအတွက် ရေပန်းစားတဲ့အသင်း ဖြစ်လာပါပြီ။ ဒါဟာ ဒွန်နာရမ်မာရဲ့ ဂိုးပေါက်ကာကွယ်မှုတွေနဲ့ ဂိုးဧရိယာအတွင်း ယုံကြည်မှုရှိရှိ ကစားနိုင်မှုတွေကြောင့်လည်း ပါဝင်ပါတယ်။ အထူးသဖြင့် ဒီလအစောပိုင်းက အန်ဖီးလ်ကွင်းမှာ လီဗာပူးကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ သမိုင်းဝင်ပွဲစဉ်မှာ ပွဲပြီးခါနီး အရေးကြီးတဲ့ ကာကွယ်မှုပြုလုပ်ပြီး အသင်းကို နိုင်ပွဲရအောင် ကူညီပေးခဲ့တာ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်မှာ အီဒါဆင် ဖီနာဘာချေးအသင်းကို ပြောင်းရွှေ့သွားပြီးနောက်ပိုင်း ဂိုးသမားဆီကနေ စိတ်ရှည်လက်ရှည် ကစားကွက်တည်ဆောက်တဲ့ ပုံစံကို မန်စီးတီးက ပြောင်းလဲခဲ့ပါတယ်။ ဘောလုံးဒါရိုက်တာ ဟူဂိုဗီယာနာလက်ထက်မှာ အသင်းက အကူးအပြောင်းကာလကို ဖြတ်သန်းနေရပေမဲ့ ဒွန်နာရမ်မာရဲ့ စိတ်ချရတဲ့ လက်စွမ်းဟာ အသင်းဖလားရယူနိုင်ဖို့အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာကို သက်သေပြနေပါတယ်။

ဒါ့အပြင် ဒွန်နာရမ်မာဟာ ခြေထောက်အသုံးချမှုအပိုင်းနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေကိုလည်း ချေဖျက်နိုင်ခဲ့ပါတယ်။ ဂွါဒီယိုလာ လိုချင်တဲ့ ပုံစံအတိုင်း လိုက်ဖက်အောင် တဖြည်းဖြည်းချင်း လေ့ကျင့်ကစားပြနိုင်ခဲ့ပြီး အင်္ဂလန်မှာ ပထမဆုံးရာသီမှာတင် မျှော်လင့်ထားတာထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေကို ပြသနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ မန်စီးတီးဟာ ပြိုင်ပွဲ ၄ ခုစလုံးမှာ ဗိုလ်စွဲဖို့ အခွင့်အရေးရှိနေပါတယ်။ အသင်းမှာ အတွေ့အကြုံရှိတဲ့ ကစားသမားတွေ နည်းပါးနေတယ်လို့ ဂွါဒီယိုလာက ယူဆနိုင်ပေမဲ့ အသင်းခြေစွမ်းမပြနိုင်တဲ့ အချိန်တွေမှာ ဒွန်နာရမ်မာရဲ့ ကယ်တင်မှုတွေက ဖလားတွေ ရယူနိုင်ဖို့အတွက် အဓိက အခန်းကဏ္ဍကနေ ပါဝင်လာမှာပါ။

မန်စီးတီးအသင်းရဲ့ တရားဝင် ရုပ်သံလိုင်းနဲ့ တွေ့ဆုံမေးမြန်းမှုမှာ ဒွန်နာရမ်မာက အီဒါဆင်ဆီကနေ နံပါတ်တစ်နေရာကို ဆက်ခံပြီးနောက်ပိုင်း သူတို့နှစ်ဦးကြားက ဆက်ဆံရေးအကြောင်းကို ပြောပြခဲ့ပါတယ်။

"ကျွန်တော် မန်စီးတီးဂိုးသမားဟောင်း (အီဒါဆင်) နဲ့ အဆက်အသွယ်ရှိပါတယ်။ သူက ကျွန်တော့်ကို ကံကောင်းပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။ အသင်းရဲ့ ဂိုးသမားဟောင်းတစ်ယောက်ဆီကနေ အခုလို သတင်းစကားမျိုး ရရှိတာဟာ တကယ်ကို ဝမ်းသာဖို့ကောင်းပြီး အဓိပ္ပာယ်လည်း ရှိပါတယ်။ ဒါက ကျွန်တော့်ကို တကယ်ကို ပျော်ရွှင်စေပါတယ်။ သူဟာ မန်စီးတီးအတွက် အလွန်အရေးပါတဲ့ ဂိုးသမားတစ်ဦးပါ" လို့ ဒွန်နာရမ်မာက ဆိုပါတယ်။

"ကျွန်တော်တို့နှစ်ယောက်ရဲ့ ကစားဟန်ကတော့ လုံးဝမတူပါဘူး။ သူက ခြေထောက်နဲ့ ကစားတာ တကယ်ကို ကောင်းမွန်ပါတယ်။ ဒါဟာ သူ့ရဲ့ ကစားဟန်မှာ အရေးကြီးတဲ့ အချက်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အမြဲတမ်း အဆက်အသွယ်ရှိပြီး ဆက်ဆံရေးလည်း ကောင်းမွန်ပါတယ်။ ကျွန်တော် အင်္ဂလန်ကို ရောက်လာချိန်မှာ သူက အခုလို သတင်းစကား ပို့ပေးခဲ့တဲ့အတွက် တကယ်ကို ဝမ်းသာခဲ့ရပါတယ်" လို့ သူက ဆက်ပြောပါတယ်။

ဒွန်နာရမ်မာဟာ လက်ရှိမှာ ကစားသမားဘဝ အကောင်းဆုံးအချိန်ကို ရောက်နေပြီး တခြား အသက် ၂၆ နှစ်အရွယ် ကစားသမားတွေနဲ့မတူဘဲ အတွေ့အကြုံ အများကြီးရှိသူပါ။ ပရော်ဖက်ရှင်နယ် ဘောလုံးလောကမှာ ၁၀ နှစ်နီးပါး ကျင်လည်ခဲ့ပြီးနောက် အီတလီနဲ့ ပြင်သစ်က အတွေ့အကြုံတွေကို အခု မန်စီးတီးရဲ့ အကူးအပြောင်းကာလမှာ အသုံးချပြီး အင်္ဂလန်မြေမှာ ခြေစွမ်းပြနေတာ ဖြစ်ပါတယ်။