ဘယ်သူကမှ ဆုဖလားကို လွယ်လွယ်လာပေးသွားမှာမဟုတ်ဘူးလို့ ပြတ်ပြတ်သားသားပြောဆိုလိုက်တဲ့ ဒီကလန်ရိုက်စ်
အာဆင်နယ်ရဲ့ချန်ပီယံဆုမျှော်လင့်ချက်အနည်းငယ်တိမ်းစောင်းလာချိန် အားလုံးစည်းစည်းလုံးလုံးရှိကြဖို့ ကွင်းလယ်ကစားသမားဒီကလန်ရိုက်စ်က တိုက်တွန်းလိုက်ပါတယ်။
ဝုဗ်နဲ့ သရေကျခဲ့တဲ့ကြားရက်ပွဲစဉ်အပြီး အာဆင်နယ်က ဒုတိယနေရာရှိ မန်စီးတီးထက် တစ်ပွဲပိုကစား၊ ငါးမှတ်အသာဖြင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရှိနေပါတယ်။
The Sun နဲ့တွေ့ဆုံချိန် ဒီကလန်ရိုက်စ်က “ချန်ပီယံဆုဆိုတာ ဘယ်သူကမှ ကျွန်တော်တို့ဆီ လာပေးသွားမှာ မဟုတ်ပါဘူး၊ ကိုယ်တိုင် အမိအအရယူသွားရပါမယ်။ ဒီဆုနဲ့ထိုက်တန်အောင် ကြိုးစားရမှာဖြစ်သလို ကြုံလာနိုင်သမျှ အခက်အခဲမှန်သမျှကို ရင်ဆိုင်ဖို့လည်း အသင့်ရှိနေရပါမယ်” လို့ ပြောကြားခဲ့ပါတယ်။
“ဝုဗ်နဲ့ပွဲအပြီးမှာ အချင်းချင်း ပြတ်ပြတ်သားသားဆွေးနွေးခဲ့ကြပါတယ်။ အခွင့်အရေးကောင်းတွေ ရနေပါရက်နဲ့ အခုလိုဖြစ်သွားလို့ ပရိသတ်တွေရော၊ ကိုယ့်ကိုယ်ကိုယ်ပါ စိတ်ပျက်အောင်လုပ်မိသလို ဖြစ်သွားတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ အခုလို အခွင့်အရေးလက်လွှတ်လိုက်ရမှုက ဒီရာသီအတွက် ကျွန်တော်တို့ သတ်မှတ်ထားတဲ့စံနှုန်းတွေနဲ့ မကိုက်ညီပါဘူး။ အသင်းရဲ့အစည်းအဝေးလည်း လုပ်ခဲ့ပြီးပါပြီ၊ အခုဆိုရင် ရှေ့ဆက်ဖို့ အသင့်ဖြစ်နေပါပြီ” လို့ ဆိုပါတယ်။
ဆက်လက်ပြီး ကွင်းလယ်လူက “ရာသီရဲ့အခုလိုအချိန်မျိုးမှာ ပရိသတ်တွေရဲ့အားပေးမှုကို အရင်ထက် ပိုလိုအပ်ပါတယ်။ အားလုံးအတူတူ လက်တွဲလာခဲ့တာလေ။ အချင်းချင်းစိတ်ဝမ်းကွဲရမယ့်အချိန် မဟုတ်ပါဘူး။ အားလုံးက လမ်းကြောင်းတစ်ခုတည်း၊ စိတ်ကူးတစ်ခုတည်းမှာပဲ ရှိနေဖို့ လိုအပ်ပြီး ကစားသမားတွေနဲ့ ဒီကလပ်အသင်းအတွက် ပရိသတ်တွေကိုယ်တိုင် ဆက်ပြီးတိုက်ပွဲဝင်ပေးကြပါ။ ကျွန်တော်တို့ကို ဆက်ပြီး ယုံကြည်ပေးပါ၊ တွန်းအားပေးပါ၊ အားလုံးရဲ့အကူအညီနဲ့အတူ ထူးခြားတဲ့အောင်မြင်မှုတွေ ယူဆောင်လာနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါကြောင့် အတူတူ ရှေ့ဆက်ကြရအောင်ပါ” လို့ ပြောပါတယ်။
“ခရီးက အဝေးကြီးလိုပါသေးတယ်၊ အကောင်းမြင်စရာတွေ အများကြီးရှိသလို အခြေအနေမှန်ကိုလည်း သတိပြုရပါမယ်။ ကျွန်တော်တို့က အံ့အားသင့်စရာကောင်းတဲ့ရာသီတစ်ခုကို ဖြတ်သန်းနေဆဲဖြစ်လို့ ပြသလောကဝေဖန်သံတွေကြောင့် အာရုံမပျက်သွားဖို့ လိုပါတယ်” လို့ အာဆင်နယ်ကွင်းလယ်လူက ထပ်လောင်းပြောကြားခဲ့ပါတယ်။