The network connection is lost.

Banner Image

အာဆင်နယ်အသင်းရဲ့အလေးအနက်ထားကမ်းလှမ်းမှုရရှိဖို့ မျှော်လင့်နေတဲ့ ဂေါ်ရက်ဇ်ကာ

ဘိုင်ယန်မြူးနစ်ကွင်းလယ်လူဂေါ်ရက်ဇ်ကာက လာမယ့်လတွေအတွင်း သူ့အပေါ် အာဆင်နယ်အသင်းရဲ့စိတ်ဝင်စားမှုတွေ ပိုပြီးခိုင်ခိုင်မာမာပြသလာဖို့ မျှော်လင့်နေပါတယ်။

ဒီရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဂေါ်ရက်ဇ်ကာက ဘိုင်ယန်မြူးနစ်မှထွက်ခွာဖို့ စိတ်အားထက်သန်နေပါတယ်။

ဝါရင့်ကွင်းလယ်လူကိုခေါ်ယူဖို့အတွက် ကလပ်အသင်းအတော်များများ စိတ်ဝင်စားနေကြတယ်လို့လည်း BILD သတင်းဌာနမှ ဖော်ပြထားပါတယ်။

အေစီမီလန်၊ အက်သလက်တီကိုမက်ဒရစ်နဲ့ အာဆင်နယ်အသင်းတို့က သူ့ကိုခေါ်ယူဖို့ စိတ်အားထက်သန်နေကြပြီး အသက် ၃၁ နှစ်အရွယ်ဂျာမနီလက်ရွေးစင်ကစားသမားကိုယ်တိုင်ကမူ မြောက်လန်ဒန်မှာ ခရီးစဉ်သစ်စတင်ဖို့ လိုလားနေပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလနှောင်းပိုင်းမှာလည်း သူ့ကိုခေါ်ယူချင်တဲ့အသင်းတွေ အများကြီးရှိနေတယ်လို့ ဂေါ်ရက်ဇ်ကာက ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။

"နိုင်ငံတကာထိပ်တန်းကလပ်တွေရဲ့စိတ်ဝင်စားမှုရရှိတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာဖြစ်ပေမဲ့ ရာသီကုန်အထိတော့ ဘိုင်ယန်မှာပဲဆက်နေဖို့ ရှင်းရှင်းလင်းလင်းဆုံးဖြတ်ထားပါတယ်"လို့ အဲဒီအချိန်မှာ သူက ပြောကြားခဲ့ပါတယ်။

"တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့အတူတူဖြတ်သန်းခဲ့တဲ့ အောင်မြင်တဲ့အချိန်တွေက ဒီနွေရာသီမှာပဲ အဆုံးသတ်တော့မယ်ဆိုတာကို အသင်းနဲ့ရော၊ ကျွန်တော်နဲ့ပါ အပြုသဘောဆောင်တဲ့ဆွေးနွေးမှုတွေမှတဆင့် ဆုံးဖြတ်ခဲ့ကြပါတယ်"

"အရင်က ပြောခဲ့ဖူးသလိုပါပဲ၊ အခုအချိန်က ဘောလုံးသမားတစ်ဦးအတွက်၊ လူသားတစ်ဦးအတွက် ဘဝစာမျက်နှာအသစ်တစ်ခုကို ထပ်ပြီးဖွင့်လှစ်ဖို့အတွက် အသင့်တော်ဆုံးအချိန်ပါပဲ" လို့ ၎င်းက ဆိုပါတယ်။