ဒီနွေရာသီမှာ တိကျတဲ့အစီအမံတစ်ခုတစ်ခုနဲ့အတူ တော့တင်ဟမ်နောက်ခံလူအတွက် ဆွေးနွေးဖို့ ဘိုင်ယန်မြူးနစ် ပြင်ဆင်နေ
တော့တင်ဟမ်ကြယ်ပွင့်ဗက်စ်ကိုဗစ်နဲ့သတင်းတွေထွက်ပေါ်နေချိန်မှာ ဘိုင်ယန်မြူးနစ်ဒါရိုက်တာမတ်စ်အီဘရယ်လ်က ကလပ်အသင်းရဲ့ အပြောင်းအရွှေ့အစီအစဉ်တွေနဲ့ပတ်သက်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဟမ်းဘတ်အသင်းဆီ အငှားဖြင့်ရောက်ရှိနေတဲ့ ဗက်စ်ကိုဗစ်က ဘွန်ဒက်လီဂါမှာ ကစားနေချိန် အသင်းကို တန်းမဆင်းရအောင်ကူညီပေးရင်း ဥရောပရဲ့ အကောင်းဆုံး လူငယ်ကြယ်ပွင့်တွေအနက် တစ်ဦးအဖြစ် ပေါ်ထွက်လာပါတယ်။
အသက် ၁၈ နှစ်အရွယ်မှာတင် ဂျာမန်ဘီလူးကြီးဘိုင်ယန်မြူးနစ်အပါအဝင် ကလပ်အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကိုရရှိခဲ့တဲ့ ခရိုအေးရှားနောက်ခံလူကို တော့တင်ဟမ်က ၂၀၂၃ ခုနှစ်၊ နွေရာသီမှာ ဟိုင်ဒပ်စပလစ်အသင်းမှ ခေါ်ယူခဲ့ပါတယ်။ဗက်စ်ကိုဗစ်က ဟမ်းဘတ်မှာ နောက်ထပ်တစ်ရာသီ အငှားဖြင့်ထပ်နေချင်တယ်လို့ ပြောထားဖူးပေမဲ့ ဂျာမန်ချန်ပီယံတွေရဲ့ စိတ်ဝင်စားမှုကို လျစ်လျူရှုဖို့ ခက်ခဲလွန်းပါတယ်။
အီဘရယ်လ်ကတော့ လာမယ့်နွေရာသီအပြောင်းအရွှေ့အတွက် သူတို့ရဲ့မဟာဗျူဟာအကြောင်း ရှင်းပြရင်းဒီခံစစ်မှူးကိုခေါ်ယူဖို့ဖြစ်နိုင်ခြေရှိမှုအပေါ် မငြင်းဆန်ခဲ့ပါဘူး။
"ကျွန်တော်တို့အသင်းရဲ့လူစာရင်းကို စီမံတဲ့နေရာမှာ ဖိအားမရှိတဲ့အနေအထားဆီ ရောက်နေပါပြီ။ နောက်ထပ်ဘာတွေဖြစ်လာမလဲဆိုတာကို အေးအေးဆေးဆေးဆုံးဖြတ်သွားနိုင်ပါတယ်။ အပြောင်းအရွှေ့ဈေးကွက်ကိုတော့ စောင့်ကြည့်နေဆဲပါ။ ဘိုင်ယန်အတွက် အကျိုးရှိမယ့် ဘယ်လိုရွေးချယ်မှုကိုမဆို ကျွန်တော်တို့ သေချာပေါက်ငြင်းပယ်သွားမှာ မဟုတ်ပါဘူး" လို့ ၎င်းက Sport1 ကို ပြောပါတယ်။
"ကျွန်တော်က လူစာရင်းပြင်ဆင်မှုကို စောစောစီးစီး အပြီးသတ်ချင်တဲ့သူပါ။ မိုချန်ဂလာဘတ်၊ လိုက်ပ်ဇစ်တို့အပြင် ဘိုင်ယန်မြူးနစ်မှာတောင် အဲဒီလိုလုပ်နိုင်ခဲ့ပါတယ်။ အရာအားလုံးကို ရာသီကြိုလေ့ကျင့်ခန်းတွေ မစခင် ဇူလိုင်လလယ်လောက်မှာတင် အပြီးသတ်ခဲ့ပါတယ်"
" အသင်းကမှထွက်ခွာဖို့ ကင်စလေကိုးမန်း ခွင့်တောင်းတဲ့အခါ ကျွန်တော်တို့ နောက်ဆုံးမှာ ခွင့်ပြုပေးခဲ့ရပြီး နီကိုလက်စ်ဂျက်ဆန်ကိုခေါ်ယူဖို့လည်း နောက်ဆုံးနေ့အထိ တိုက်ပွဲဝင်ခဲ့ရပါတယ်။ ဒါက အကောင်းဆုံးတော့မဟုတ်ပေမဲ့ ဒီလိုမျိုးတွေ ဖြစ်တတ်ပါတယ်။ အခုတော့ အူပါမီကာနိုနဲ့ စာချုပ်သက်တမ်းတိုးလိုက်နိုင်လို့ တိကျတဲ့အစီအစဉ်တစ်ခုနဲ့ လာမယ့်နွေရာသီအပြောင်းအရွှေ့စျေးကွက်ဆီ ဝင်ရောက်နိုင်ပါပြီ" လို့ ဆိုပါတယ်။
အူပါမီကာနိုကို စာချုပ်သက်တမ်းတိုးပြီးနောက်မှာတော့ ဘိုင်ယန်မြူးနစ်က ဗက်စ်ကိုဗစ်အတွက် ကင်မင်ဂျေးကို အလိုက်ပေးကာ ကမ်းလှမ်းလာနိုင်ပါတယ်။ ဒီလိုအပြန်အလှန်အလိုက်ပေးလဲလှယ်မှုက နှစ်ဖက်ကလပ်အသင်းတွေအတွက် အဆင်ပြေစေလိမ့်မယ်လို့လည်း သတင်းတွေမှာ ဖော်ပြနေပါတယ်။