လတ်တလောမှာ ဘိုင်ယန်မြူးနစ်အသင်း ယုံကြည်မှုပိုင်းအားနည်းနေတယ်လို့ ဝေဖန်ခဲ့တဲ့ ဟမ်းမဲလ်စ်
ဂျာမနီလက်ရွေးစင်ကစားသမားဟောင်းဟမ်းမဲလ်စ်က ပြီးခဲ့တဲ့သီတင်းပတ်အနည်းငယ်အတွင်း ဘိုင်ယန်မြူးနစ်အသင်းခြေစွမ်းပိုင်း ကျဆင်းလာတယ်လို့ ယူဆနေပါတယ်။
မနေ့ညပိုင်း၊ အတ္တလန္တာကို ဒေါ့မွန်တို့ ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ Prime Video အတွက် သုံးသပ်သူအဖြစ် ပါဝင်လာတဲ့ ဟမ်းမဲလ်စ်က ဘိုင်ယန်မြူးနစ်အသင်းရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်လို့ ထင်မြင်ယူဆချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
ဂျာမနီအသင်းနဲ့အတူ ၂၀၁၄ ခုနှစ်ကမ္ဘာ့ဖလားချန်ပီယံဆုရရှိခဲ့တဲ့ ဟမ်းမဲလ်စ်က ဗင်းဆင့်ကွန်ပနီရဲ့အသင်းကို ပြီးခဲ့တဲ့ပွဲစဉ်တွေအတွင်း ဘိုင်ယန်မြူးနစ်ရဲ့မြင့်မားတဲ့စံချိန်စံညွှန်းတွေမှ သိသိသာသာလျော့ကျသွားခဲ့တယ်လို့ ယုံကြည်နေပါတယ်။
"လက်ရှိအချိန်မှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ယုံကြည်မှုပိုင်း အားနည်းနေတယ်လို့ ကျွန်တော်မြင်ပါတယ်။ လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်အထိ သူတို့က ကျွန်တော့်အတွက် ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခြေအရှိဆုံး ထိပ်တန်းကလပ်အသင်းသုံခုအနက် ပါဝင်ခဲ့ပါတယ်" လို့ သူက ဆိုပါတယ်။
"ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း သူတို့ကစားခဲ့တဲ့ပွဲစဉ်အများစုမှာ ခြေစွမ်းပိုင်း သိသိသာသာကျဆင်းသွားတာကို ကျွန်တော်တွေ့ခဲ့ရတယ်" လို့ ဟမ်းမဲလ်စ်က ရှင်းပြခဲ့ပါတယ်။
အသက် ၃၇ နှစ်အရွယ်ဟမ်းမဲလ်စ်ဟာ ကစားသမားဘဝမှာ ဒေါ့မွန်အတွက်ရော၊ ဘိုင်ယန်မြူးနစ်အတွက်ပါ ကစားပေးခဲ့ဖူးလို့ သူ့ရဲ့ဝေဖန်သုံးသပ်ချက်က စိတ်ဝင်စားစရာကောင်းပါတယ်။
ဇန်နဝါရီလနှောင်းပိုင်း၊ အော့စ်ဘတ်ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ကာ ဟမ်းဘတ်နဲ့ တစ်ဖက်နှစ်ဂိုးစီ သရေကျပြီးနောက် ဘိုင်ယန်ရဲ့ခြေစွမ်းပိုင်း အနည်းငယ်ယိမ်းယိုင်သွားခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ သုံးပွဲဆက်အနိုင်ရရှိမှုနဲ့အတူ ပြန်လည်တည်ငြိမ်လာပါတယ်။
အခုလကုန်ပိုင်းမှာတော့ ဒေါ့မွန်က လိဂ်ချန်ပီယံဆုအတွက် အဆုံးအဖြတ်ဖြစ်လာနိုင်တဲ့ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ဘိုင်ယန်မြူးနစ်ကို ဧည့်ခံကစားရပါမယ်။