ဘိုင်ယန်မြူးနစ်နဲ့ပွဲစဉ်မတိုင်ခင် လေ့ကျင့်ခန်းပြန်ဆင်းနေတဲ့ ဖရန့်ဖတ်တိုက်စစ်မှူးဘားကတ်ချ်
ဖရန့်ဖတ်အတွက် ဂျိုနသန်ဘားကတ်ချ် လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီဖြစ်လို့ အားတက်စရာ အခြေအနေတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဖရန့်ဖတ်အသင်းရဲ့ ဒီနေ့လေ့ကျင့်ခန်းအစီအစဉ်မှာ ဘားကတ်ချ်ပြန်လည်ပါဝင်လာပြီလို့ Frankfurter Rundschau သတင်းဌာနမှ အတည်ပြုဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာလနှောင်းပိုင်း၊ အတ္တလန်တာကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့တဲ့ ဒီတိုက်စစ်မှူးက လတ်တလောမှာတော့ အသင်းနဲ့ ပြန်ပူးပေါင်းနေပါပြီ။
အသက် ၂၅ နှစ်အရွယ်ရှိတိုက်စစ်ကစားသမားက လွန်ခဲ့တဲ့သီတင်းပတ်၊ မိုချန်ဂလာဘတ်ကို သုံးဂိုးပြတ်အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ အဖျားဝေဒနာကြောင့် ပါဝင်ကစားနိုင်ခြင်း မရှိပါဘူး။
အခုအခါမှာတော့ မိန့်ဇ်တိုက်စစ်မှူးဟောင်း ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီး လာမယ့်စနေနေ့၊ ဘိုင်ယန်မြူးနစ်နဲ့ပွဲစဉ်အတွက် အသင်းလူစာရင်းမှာပါဝင်လာဖို့ မျှော်လင့်ရပါတယ်။
တိုက်စစ်ပိုင်းမှာ ဒဏ်ရာရကစားသမားတွေများပြားနေတဲ့ အဲလ်ဘတ်ရီယဲရာရဲ့ အသင်းအတွက် ဘားကတ်ချ်ပြန်ကစားနိုင်မယ်ဆိုရင် အသင်းအတွက် အင်အားသစ်တစ်ခု ဖြစ်လာပါလိမ့်မယ်။
လတ်တလောဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်အတွင်း ခေါ်ယူထားခဲ့တဲ့ အက်ဘ်နိုတာလစ်က ဇန်နဝါရီလပိုင်းကတည်းကပင် အသင်းအတွက် မကစားပေးနိုင်သလို ကာလီမူအန်ဒိုကလည်း အခုသီတင်းပတ်ပွဲစဉ်ကို ပါဝင်နိုင်ဖို့ မသေချာသေးပါဘူး။
ဖရန့်ဖတ်အတွက် နောက်ထပ်သတင်းဆိုးတစ်ခုကတော့ ရာမက်စ်ခရစ်စတန်ဆန်ရဲ့ခြေကျင်းဝတ်အရွတ်ဒဏ်ရာ ခွဲစိတ်ကုသဖို့ လိုအပ်လာနိုင်တာပဲ ဖြစ်ပါတယ်။