နယူးကာဆယ်ကိုအနိုင်ရလိုက်တာက အသင်းအတွက် အခြေအနေပိုကောင်းလာစေကြောင်း ဖွင့်ဟလာတဲ့ ဂူဟီ
စနေနေ့ညက ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲမှာ မန်စီးတီးနောက်ခံလူ မာ့ခ်ဂူဟီက အသင်းရဲ့ အနိုင်ရလဒ်မှာ ပါဝင်ခွင့်ရခဲ့တဲ့အတွက် အလွန်ဝမ်းမြောက်မိတယ်လို့ ဆိုပါတယ်။မန်စီးတီးက နယူးကာဆယ်ကို ၂-၁ နဲ့ အနိုင်ရပြီးနောက် ပရီးမီးယားလိဂ်ဇယားထိပ်က အာဆင်နယ်နဲ့ ၂ မှတ်အကွာကို ရောက်ရှိလာခဲ့ရာမှာ ဂူဟီက အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့တာပါ။
"ဒါဟာ ထိပ်တန်းကလပ်တစ်ခုပါ၊ ကျွန်တော် ဒီကိုရောက်ကတည်းက ကစားသမားတွေရော ဝန်ထမ်းတွေပါ အားလုံးက နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြပါတယ်။ ကျွန်တော့်ရဲ့ ကစားဟန်ကိုလည်း လုံးဝပြောင်းလဲခဲ့ရပြီး နေ့တိုင်း သင်ယူနေရပါတယ်" လို့ ၎င်းက ပြောပါတယ်။
"ဘယ်အချိန်မှာ ဘောလုံးပေးရမလဲ၊ ပြိုင်ဘက်ကို ဘယ်လိုဖိအားပေးရမလဲဆိုတာမျိုး လက်တွေ့ကွင်းထဲမှာ သင်ယူစရာတွေ အများကြီးရှိပါတယ်။ အားလုံးက ဝိုင်းကူညီပေးကြတဲ့အတွက် တကယ်ကို ကောင်းမွန်ပါတယ်" လို့ ဆိုပါတယ်။
"တီဗီမှာမြင်ရတဲ့ ပက်ဂွါဒီယိုလာရဲ့ ပုံစံအတိုင်းပါပဲ၊ သူက အရမ်းစိတ်အားထက်သန်တယ်၊ ပြင်းထန်တယ်၊ ပြီးတော့ အမြဲတမ်းအနိုင်ရချင်တဲ့သူပါ။ သူက သူ့ရဲ့ကစားဟန်အတိုင်းပဲ ကစားစေချင်တာပါ။ ဒီမှာရှိခွင့်ရတဲ့အတွက် ကျွန်တော် တကယ်ပဲ ဝမ်းသာမိပါတယ်" လို့လည်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဂူဟီက "ဒီလိုပွဲမျိုးတွေက အမြဲတမ်း ခက်ခဲတတ်ပါတယ်၊ ကစားရတာ တကယ်မလွယ်ပါဘူး။ နယူးကာဆယ်ကလည်း အားအင်အပြည့်နဲ့ အရည်အသွေးရှိရှိ ကစားခဲ့တာကြောင့် ဒါဟာ တကယ့်ကို ကောင်းမွန်တဲ့ နိုင်ပွဲတစ်ခုပါ။ ဒါက ကြီးကျယ်ခမ်းနားလွန်းတဲ့ နိုင်ပွဲတစ်ခုလို့ မဆိုနိုင်ပေမဲ့ ကျွန်တော်တို့ကို အခြေအနေကောင်းတစ်ခုမှာ ရှိစေပါတယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။