The network connection is lost.

Banner Image

မက်ဆီပြန်လာနိုင်ရေးအတွက် အစီအစဉ်တွေဆွဲနေတဲ့ ဘာစီလိုနာဥက္ကဋ္ဌလောင်း ဖောင့်တ်

ဘာစီလိုနာအသင်းရဲ့ ဥက္ကဋ္ဌလောင်းဖြစ်သူ ဗစ်တာဖောင့်တ်က လီယွန်နယ်မက်ဆီကို အသင်းဆီ ပြန်ခေါ်ပြီး ထိုက်ထိုက်တန်တန် နှုတ်ဆက်ခွင့်ရအောင် လုပ်ပေးချင်တဲ့ သူ့ရဲ့ဆန္ဒကို ဖွင့်ဟပြောကြားလာပါတယ်။

လက်ရှိမှာ အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ၂၀၂၁ ခုနှစ်တုန်းက ဘာစီလိုနာအသင်းရဲ့ တားမနိုင်ဆီးမရ ဖြစ်နေတဲ့ ဘဏ္ဍာရေးအကျပ်အတည်းကြောင့် အသင်းကနေ စိတ်မကောင်းစွာနဲ့ ရုတ်တရက်ထွက်ခွာခဲ့ရပြီး ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ခဲ့ရတာ ဖြစ်ပါတယ်။

အခုအခါမှာတော့ အမေရိကန်လိဂ် (MLS) က အင်တာမိုင်ယာမီအသင်းမှာ ကစားနေတဲ့ မက်ဆီဟာ တစ်နေ့မှာ ဘာစီလိုနာဆီ ပြန်လာပြီး နောက်ဆုံးနှုတ်ဆက်ပွဲ ကစားသွားမယ်ဆိုတဲ့ သတင်းတွေကလည်း ဆက်တိုက်ထွက်ပေါ်နေဆဲ ဖြစ်ပါတယ်။

AS သတင်းဌာနရဲ့ ဖော်ပြချက်အရ ဥက္ကဋ္ဌလောင်း ဖောင့်တ်က ဒီဂန္ထဝင်တိုက်စစ်မှူးကို ပြန်ခေါ်ဖို့ သူ့ရဲ့အစီအစဉ်ကို အခုလို ပြောပြခဲ့ပါတယ်။

"ရွေးကောက်ပွဲနီးလာပြီဆိုရင် နာမည်တွေအမျိုးမျိုး ထွက်လာတတ်ပါတယ်။ ကျွန်တော်တို့ကတော့ အချက်အလက်တွေပေါ်မှာ အခြေခံပြီး ပရိသတ်တွေ စိတ်အားထက်သန်လာအောင် ကြိုးစားတာပါ။ ငြင်းလို့မရတဲ့ အချက်ကတော့ လက်ရှိဥက္ကဋ္ဌ လာပေါ်တာ ရှိနေသရွေ့ မက်ဆီနဲ့ ပြန်လည်သင့်မြတ်ဖို့ဆိုတာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ အကယ်၍ ကျွန်တော်တို့သာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် မက်ဆီရဲ့ နောက်ဆုံးကခုန်ခြင်း (Last Dance) က ဖြစ်နိုင်ခြေရှိပါတယ်" လို့ သူက ဆိုပါတယ်။

"မက်ဆီဟာ ဘောလုံးသမားတစ်ယောက်အနေနဲ့တင် မဟုတ်ဘဲ လူတစ်ယောက်အနေနဲ့ပါ စံပြဖြစ်သူပါ။ သူဟာ ဘာစီလိုနာပရိသတ်တွေရဲ့ စရိုက်ကို ထင်ဟပ်စေပါတယ်။ ကြိုးစားအားထုတ်မှုရှိတယ်၊ ကတိတည်တယ်၊ ရိုးသားတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်သလို ဘာစီလိုနာကိုလည်း အရမ်းချစ်တဲ့သူပါ။ မက်ဆီဟာ နှစ်ကြိမ်တိုင်တိုင် လှည့်ဖျားခံခဲ့ရတယ်ဆိုတာ ကျွန်တော်တို့ မေ့လို့မရပါဘူး။ ပထမအကြိမ်က ၂၀၂၁ ခုနှစ် စာချုပ်သစ်ချုပ်ဖို့ ရောက်လာချိန်မှာဖြစ်ပြီး၊ ဒုတိယအကြိမ်ကတော့ ၂၀၂၃ ခုနှစ်မှာ ဇာဗီနဲ့အတူ သူအရမ်းချစ်တဲ့ ဒီကလပ်ဆီ ပြန်လာချင်ခဲ့ချိန်မှာ ဖြစ်ပါတယ်။ သူ့ကို မျှော်လင့်ချက်တွေပေးပြီးမှ အသင်းဘုတ်အဖွဲ့က တံခါးပြန်ပိတ်လိုက်တာပါ" လို့ သူက ဆက်ပြောပါတယ်။

"မက်ဆီအနေနဲ့ ဘာစီလိုနာမှာရှိခဲ့တဲ့ အချိန်တွေကို အခန်းကျဉ်းလေးထဲမှာပဲ နှုတ်ဆက်ပြီး အဆုံးသတ်သွားလို့ မဖြစ်ပါဘူး။ ဒါဟာ မတွေးဝံ့စရာပါပဲ။ မက်ဆီဟာ ကွင်းထဲမှာပဲ ကစားရင်း အနားယူသင့်တာပါ။ ဒါဟာ ၂၀၂၆ အကုန်မှာ သူ့ရဲ့ ဆန္ဒနဲ့ အခြေအနေပေါ်မှာ မူတည်နေပါတယ်။ ကျွန်တော်တို့ ပြောချင်တာကတော့ သူနဲ့ထိုက်တန်တဲ့ နှုတ်ဆက်ခြင်းမျိုး၊ အသင်းဝတ်စုံဝတ်ပြီး ကွင်းထဲမှာ နှုတ်ဆက်နိုင်ဖို့ဆိုရင် လာမယ့် မတ်လ ၁၆ ရက်နောက်ပိုင်းမှာ လာပေါ်တာ အာဏာရှိမနေဖို့ပဲ လိုပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဖောင့်တ်က မက်ဆီကို အသင်းရဲ့ "ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ" ရာထူး ပေးအပ်ဖို့ ကမ်းလှမ်းထားတယ်လို့လည်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။