The network connection is lost.

Banner Image

လာမယ့်အပတ်မှာ ဘာစီလိုနာအတွက် ပြန်ကစားပေးနိုင်မယ့် ရက်ရှ်ဖို့ဒ်

မားကပ်စ်ရက်ရှ်ဖို့ဒ်ကို အပြီးသတ်ခေါ်ယူဖို့အတွက် မူလသတ်မှတ်ထားတဲ့ ယူရို ၃၀ သန်းထက် နည်းတဲ့ဈေးနဲ့ မန်ယူအသင်းဆီကနေ ညှိနှိုင်းဝယ်ယူဖို့ ဘာစီလိုနာအသင်းက ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေကြောင့် ကစားသမားဟာ အခုတလောမှာ ရေပန်းစားနေပါတယ်။မန်ယူအသင်းဘက်ကတော့ ဘာစီလိုနာအတွက် ဘယ်လိုလျှော့ဈေးမှ ပေးမှာမဟုတ်သလို ပြန်လည်ညှိနှိုင်းဖို့ ကမ်းလှမ်းချက်တွေကိုလည်း လက်ခံမှာမဟုတ်ဘူးလို့ အခိုင်အမာ ရပ်တည်နေပါတယ်။ တစ်ဖက်မှာလည်း အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးဟာ လက်ရှိမှာ ကြွက်သားဒဏ်ရာကြောင့် အနားယူနေရပြီး ပြန်လည်သန်စွမ်းရေးအတွက် လုပ်ဆောင်နေပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး သတင်းထောက် ဖာဘရီဇီယို ရိုမန်နိုက ရက်ရှ်ဖို့ဒ်ဟာ လာမယ့်အပတ်မှာ ဘာစီလိုနာအတွက် ပြန်လည်ကစားပေးနိုင်တော့မယ်လို့ ပြောကြားခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့အပတ်က လေ့ကျင့်ခန်းမဆင်းနိုင်ခဲ့သလို မာယော့ကာနဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် အက်သလက်တီကိုမက်ဒရစ်နဲ့ ကစားခဲ့တဲ့ ကိုပါဒီရေး ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကိုလည်း လွဲချော်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ ဂီရိုနာနဲ့ပွဲမှာ ပြန်လာနိုင်မယ်လို့ မျှော်လင့်ခဲ့ကြပေမဲ့ တကယ်တမ်း ဖြစ်မလာခဲ့ပါဘူး။

အခု ရိုမန်နိုရဲ့ အဆိုအရ မန်ယူကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ ရက်ရှ်ဖို့ဒ်ဟာ လာမယ့်အပတ်မှသာ ပြန်လာနိုင်မှာဖြစ်လို့ လာမယ့်တနင်္ဂနွေနေ့ လီဗန်တေးနဲ့ပွဲကိုပါ ထပ်မံလွဲချော်ပြီး စုစုပေါင်း သုံးပွဲဆက်တိုက် လွဲချော်သွားဖို့ ရှိနေပါတယ်။ အသင်းမှာရှိနေစဉ်အတွင်း ရက်ရှ်ဖို့ဒ်ဟာ ပြိုင်ပွဲစုံမှာ ၁၀ ဂိုးသွင်း၊ ၁၃ ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပြီး နည်းပြ ဟန်ဆီဖလစ်ရဲ့ အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်နေပါတယ်။ ဘာစီလိုနာဘက်ကလည်း သူ့ရဲ့အငှားခြေစွမ်းအပေါ်မှာ အတော်လေး ကျေနပ်နေကြပါတယ်။ ဒါကြောင့် သူ့ရဲ့ဒူးဒဏ်ရာ သက်သာလာမှာကို စောင့်ဆိုင်းနေသလို တစ်ဖက်မှာလည်း ယူရို ၃၀ သန်းထက် လျှော့ဈေးနဲ့ ရရှိဖို့ မန်ယူကို ဆက်လက်ဆွဲဆောင်သွားဖို့ ရှိနေပါတယ်။