ရက်ရှ်ဖို့ဒ်သာ ယူနိုက်တက်ပြန်လာရင် အသင်းအတွက် အကူအညီဖြစ်မှာမဟုတ်ဘူးလို့ ထောက်ပြလာတဲ့ ဆာဟာ
မန်ချက်စတာယူနိုက်တက်၊ တော့တင်ဟမ်နဲ့ ဖူလ်ဟမ် တိုက်စစ်မှူးဟောင်း လူးဝစ်ဆာဟာ မားကပ်စ်ရက်ရှ်ဖို့ဒ် ယူနိုက်တက်အသင်းဆီ ပြန်လာနိုင်ခြေနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ပြောကြားလိုက်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ လက်ရှိမှာ စပိန်ထိပ်သီး ဘာစီလိုနာအသင်းဆီ အငှားနဲ့ သွားရောက်ကစားနေတာ ဖြစ်ပြီး လာမယ့် နွေရာသီမှာ အပြီးသတ်ခေါ်ယူခွင့်လည်း ဘာစီလိုနာဘက်မှာ ရှိနေပါတယ်။
အင်္ဂလန်ကြယ်ပွင့်ကစားသမားဟာ အသင်းသစ်မှာ ခြေစွမ်းပြနေပြီး အခုရာသီ ပြိုင်ပွဲစုံ ၃၄ ပွဲ ကစားထားရာမှာ ၁၀ ဂိုး သွင်းယူပေးထားသလို ဂိုးဖန်တီးမှု ၁၃ ကြိမ်အထိ ပြုလုပ်ထားပါတယ်။
လာလီဂါမှာ ခြေစွမ်းပြနေတဲ့ အသက် ၂၈ နှစ်အရွယ် ရက်ရှ်ဖို့ဒ်ကို ယူနိုက်တက်ဆီ ပြန်ခေါ်ဖို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ CasinoHawks နဲ့ အင်တာဗျူးမှာတော့ ဆာဟာက ဒါဟာ အသင်းအတွက် အမှားတစ်ခု ဖြစ်သွားနိုင်ပြီး ရှေ့ဆက်သွားဖို့ပဲ လိုတယ်လို့ ယူဆနေပါတယ်။
"ဒါက ပြောရခက်တဲ့ ကိစ္စပါ။ ကျွန်တော် ရက်ရှ်ဖို့ဒ်ကို ချစ်တယ်၊ သူ့ရဲ့ အရည်အသွေးကိုလည်း ကြိုက်ပါတယ်။ သူ ဘာစီလိုနာမှာ အခုလို ခြေစွမ်းပြနေတာကို ကျွန်တော် မအံ့သြပါဘူး။ သူ အရင်က ဖြစ်ပျက်ခဲ့တာတွေကို ပြန်ပြင်လို့ မရတော့ပေမဲ့ အခုမြင်နေရတာကတော့ သူ့ရဲ့ အကောင်းဆုံးပုံစံပါပဲ" လို့ ဆာဟာက ဆိုပါတယ်။
"တချို့အချိန်တွေမှာတော့ ကျွန်တော်တို့တွေ ရှေ့ဆက်သွားဖို့ လိုပါတယ်။ တကယ်လို့ သူ ပြန်လာခဲ့ရင်တောင် အရင်က ဖြစ်ပျက်ခဲ့တဲ့ မကောင်းတဲ့ အမှတ်တရတွေကို အကုန်ဖျောက်ပစ်နိုင်မှာ မဟုတ်ဘူး၊ ဘာစီလိုနာမှာတော့ သူ ဒါတွေကို ရင်ဆိုင်နေစရာ မလိုပါဘူး။ သူ ပြန်လာမယ်ဆိုရင် ထူးဆန်းနေပါလိမ့်မယ်။ ရှေ့ဆက်သွားဖို့ပဲ လိုတယ်လို့ ကျွန်တော် ထင်ပါတယ်။ အရင်ကလည်း စကားတွေ အများကြီး ထွက်ခဲ့ပြီးပြီဆိုတော့ ဘာစီလိုနာကပဲ သူ့အတွက် အကောင်းဆုံး နေရာ ဖြစ်နေပုံရပါတယ်။ ဟုတ်ပါတယ်၊ သူက အရည်အချင်းရှိတဲ့ ကစားသမားပါ၊ သူ့ကို ပြန်ခေါ်ဖို့ စဉ်းစားနိုင်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ပရိသတ်တစ်ယောက်အနေနဲ့ ပြောရရင်တောင် သူ ပြန်လာတာက အသင်းအတွက် အကူအညီ ဖြစ်ပါ့မလားဆိုတာ ကျွန်တော် မသေချာပါဘူး" လို့ ၎င်းက ဆက်ပြောပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ နည်းပြဟောင်း ရူဘင်အာမိုရင် လက်ထက်မှာ အသင်းကနေ ဖယ်ထုတ်ခံခဲ့ရတာ ဖြစ်ပေမဲ့ ရာသီကုန်လို့ မိုက်ကယ်ကားရစ် ဒါမှမဟုတ် အမြဲတမ်းနည်းပြသစ် တစ်ယောက်ရောက်လာရင်တော့ အသင်းဆီ ပြန်လာနိုင်ခြေ ရှိနေပါတယ်။