အတားအဆီးတွေဘယ်လောက်ရှိရှိ လာလီဂါဖလားကို မဖြစ်မနေသိမ်းပိုက်သွားမယ်လို့ လာပေါ်တာ အခိုင်အမာပြော
ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဂျိုအန်လာပေါ်တာက သူတို့အသင်းအနေနဲ့ လာလီဂါချန်ပီယံဆုကို အောင်မြင်စွာ ကာကွယ်နိုင်မယ်လို့ အခိုင်အမာ ယုံကြည်နေပါတယ်။
ဘာစီလိုနာဟာ ဂျီရိုနာကို ရှုံးနိမ့်ခဲ့ပြီးနောက် လာလီဂါဇယားထိပ်ဆုံးနေရာကို ရီးရဲလ်မက်ဒရစ်ထံ လွှဲပြောင်းပေးလိုက်ရတာပါ။
ဒါပေမဲ့ လာမယ့်လမှာ ပြုလုပ်မယ့် ဥက္ကဋ္ဌရွေးကောက်ပွဲမှာ ပြန်လည်အရွေးခံမယ့်အကြောင်း ကြေညာတဲ့ပွဲမှာ လာပေါ်တာက အခုလို ပြောကြားခဲ့ပါတယ်။ "ကျွန်တော်တို့ဟာ အောင်မြင်မှုတွေကို ခံစားနိုင်ဖို့အတွက် ဘာစီလိုနာအသင်းကို ကာကွယ်စောင့်ရှောက်နေတာပါ။ အသင်းရဲ့ ဝတ်လဲခန်းထဲမှာ တကယ့်ကို တန်ဖိုးရှိတဲ့ လူသားအရင်းအမြစ်တွေ ရှိနေပါတယ်။ နည်းပြ ဟန်ဆီဖလစ်ရဲ့ ကျွမ်းကျင်တဲ့ လမ်းညွှန်မှု၊ ဒါရိုက်တာ ဒီကိုးရဲ့ ပြင်ဆင်မှုတွေနဲ့အတူ အားလုံးက တစ်သားတည်း ဖြစ်နေကြပါပြီ" လို့ ဆိုပါတယ်။
"မနေ့က ဂျီရိုနာကို ရှုံးခဲ့တာကြောင့် ဒီနေ့မှာ အခြေအနေတွေက ဘယ်လိုဖြစ်နေလဲဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ တစ်ခုတော့ ပြောပါရစေ။ ကျွန်တော် ဖလစ်နဲ့ ဒီကိုးကိုလည်း ယုံကြည်သလို၊ ဝတ်လဲခန်းထဲက အခြေအနေကိုလည်း ကောင်းကောင်း သိပါတယ်။ ကျွန်တော်တို့ လာလီဂါမှာ ဗိုလ်စွဲမယ်ဆိုတာ သေချာပါတယ်။ ဗုဒ္ဓဟူးရော တနင်္ဂနွေပါ ပွဲတွေ ဆက်တိုက်ကစားလာရတာ ကြာပြီဖြစ်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာအရ ဖိအားတွေ အများကြီး ရှိနေပါတယ်။ အသင်းကြီးတိုင်း ခြေစွမ်းကျဆင်းတဲ့ အချိန်ဆိုတာ ရှိတတ်ပေမဲ့ ကျွန်တော်တို့ဆီမှာ အဲ့လိုဖြစ်ပြီဆိုရင်တော့ တချို့လူတွေက အခွင့်ကောင်းယူပြီး တိုက်ခိုက်တတ်ကြပါတယ်" လို့ လာပေါ်တာက ပြောပါတယ်။
ဂျီရိုနာနဲ့ပွဲ ရှုံးနိမ့်မှုအပေါ်မှာလည်း လာပေါ်တာက "ကွန်ဒီ နင်းခံရတဲ့ဖြစ်ရပ်ကို ကြည့်ပါဦး၊ ဘုရားရေ... အဲ့ဒီအချိန်မှာတင် ပွဲကို ချက်ချင်းရပ်လိုက်သင့်တာပါ။ ကစားသမားတွေကို ကျွန်တော် သိပါတယ်။ သူတို့တွေ ပရိသတ်ကို ပျော်ရွှင်အောင် ဘယ်လောက်တောင် လုပ်ပေးချင်နေကြလဲဆိုတာကိုပေါ့။ ဒီရာသီဟာ အတားအဆီးတွေ၊ အခက်အခဲတွေကြားကနေ ရုန်းကန်ရမယ့် လိဂ်ပြိုင်ပွဲတစ်ခု ဖြစ်လာမှာပါ။ ကျွန်တော်တို့ကို ချန်ပီယံ မဖြစ်စေချင်တဲ့သူတွေ အများကြီး ရှိနေပါတယ်" လို့ ဆက်ပြောပါတယ်။
"ကျွန်တော်တို့နဲ့ အဆင်မပြေတဲ့ သြဇာကြီးတဲ့ အသိုင်းအဝိုင်းတချို့ ရှိနေပါတယ်။ အခုလို နည်းပညာတွေ အများကြီး အားကိုးနေရတဲ့ အချိန်မှာတောင် ဆုံးဖြတ်ချက်တိုင်းက ဘာစီလိုနာကိုပဲ ဆန့်ကျင်နေတာဟာ တကယ်ကို နားမလည်နိုင်စရာပါပဲ။ ဒါပေမဲ့ ဒါတွေက ကျွန်တော်တို့အတွက်တော့ ကျင့်သားရနေပါပြီ။ ဒီလို သြဇာအာဏာရှိတဲ့ အသိုင်းအဝိုင်းတွေကတော့..." ဆိုပြီး ၎င်းက ဖြည့်စွက်ပြောကြားသွားခဲ့ပါတယ်။