ရက်ရှ်ဖို့ဒ်ကို ဈေးလျှော့ပြီးရောင်းမှာမဟုတ်တဲ့ ယူနိုက်တက်
မာကပ်စ်ရပ်ရှ်ဖို့ဒ်ရဲ့ အငှားစာချုပ်မှာပါဝင်တဲ့ အပြီးသတ်ဝယ်ယူခွင့်ဈေးနှုန်းကို ပြန်လည်ညှိနှိုင်းပေးဖို့ မန်ချက်စတာယူနိုက်တက်အသင်းမှာ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရပ်ရှ်ဖို့ဒ်ဟာ ဟန်ဆီဖလစ်ရဲ့ ဘာစီလိုနာအသင်းကို အငှားနဲ့ရောက်ရှိလာပြီးနောက်ပိုင်း ခြေစွမ်းကောင်းတွေ ပြန်လည်ရရှိနေတာဖြစ်ပြီး ၃၄ ပွဲကစားရာမှာ ၁၀ ဂိုးသွင်း၊ ၁၀ ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းအနေနဲ့ ဒီအင်္ဂလန်လက်ရွေးစင်ကစားသမားကို ပေါင် ၂၆ သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့်ရှိနေပေမဲ့ အဲဒီထက်နည်းတဲ့ဈေးနှုန်းနဲ့ ရရှိဖို့ မျှော်လင့်နေတာပါ။
ဒါပေမဲ့ သတင်းအတော်များများရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ အဲဒီဈေးနှုန်းကို ပြန်လည်ညှိနှိုင်းပေးဖို့ လုံးဝရည်ရွယ်ချက်မရှိဘူးလို့ သိရပါတယ်။
ငွေကြေးအခက်အခဲရှိနေတဲ့ လာလီဂါကလပ် ဘာစီလိုနာအသင်းဟာ လာမယ့်နွေရာသီမှာ ဗဟိုနောက်ခံလူသစ်တစ်ဦးနဲ့ တိုက်စစ်မှူးသစ်တစ်ဦးကိုလည်း ထပ်မံခေါ်ယူဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။