ဂျာမနီလက်ရွေးစင်အသင်းဆီ မတ်လအတွင်း ပြန်လာနိုင်ဖို့ မျှော်မှန်းနေတဲ့ မူစီယာလာ
လာမယ့်လအတွင်း ဂျာမနီလက်ရွေးစင်အသင်းဆီ ပြန်လာနိုင်ဖို့ဆိုတာ လက်တွေ့ဖြစ်လာနိုင်တယ်လို့ မူစီယာလာ ယုံကြည်နေပါတယ်။
ခြေသလုံးရိုးအက်ဒဏ်ရာ(Fractured Fibula) ရရှိခဲ့ပြီးနောက် အခုအခါ ကြံ့ခိုင်မှုအပြည့်အဝပြန်လည်ရရှိလာတဲ့ မူစီယာလာက မတ်လအတွင်း ဆွစ်ဇာလန်၊ ဂါနာတို့နဲ့ကစားမယ့် ခြေစမ်းပွဲစဉ်တွေအတွက် ဂျာမနီအသင်းနဲ့အတူ ပူးပေါင်းနိုင်ဖို့ ရည်မှန်းထားပါတယ်။
ပြီးခဲ့တဲ့စနေနေ့၊ ဖရန့်ဖတ်ကို ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့တဲ့ ဘိုင်ယန်မြူးနစ်ရဲ့ပွဲစဉ်မှာ မူစီယာလာက အခုရာသီ၊ ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ပွဲထွက်ပါဝင်ကစားခဲ့ပါတယ်။ အဲဒီပွဲစဉ်အပြီး အသက် ၂၂ နှစ်အရွယ်ကစားသမားလေးဆီ မတ်လ၊ လက်ရွေးစင်အသင်းလူစာရင်းမှာ ပြန်ပါဝင်လာဖို့ ဖြစ်နိုင်ခြေ ရှိ၊ မရှိ မေးမြန်းခဲ့ကြပါတယ်။
"ဖြစ်နိုင်မယ်လို့ ထင်ပါတယ်" လို့ မူစီယာလာက ဖြေကြားခဲ့ပေမဲ့ အရာရာကို အလောတကြီးမလုပ်ဘဲ တဖြည်းဖြည်းချင်းပဲ လုပ်ဆောင်သွားမယ်လို့ အလေးပေးပြောကြားခဲ့ပါတယ်။
“လက်ရှိ ကျွန်တော့်ရဲ့အဓိကအာရုံစိုက်မှုကတော့ (လာမယ့်စနေနေ့မှာကစားမယ့်) ဒေါ့မွန်နဲ့ပွဲနဲ့ အဲဒီနောက်ပိုင်းကစားရမယ့် ပွဲစဉ်တွေအတွက်ပဲ ဖြစ်ပါတယ်”
“ကျွန်တော့်အတွက် ပုံမှန်ရစ်သမ်ပြန်ရဖို့ လိုပါသေးတယ်။ ဖရန့်ဖတ်နဲ့ပွဲမှာ ကျွန်တော် အများကြီးပြေးလွှားနိုင်ခဲ့သလို ကောင်းမွန်တဲ့လှုပ်ရှားမှုတွေလည်း ရှိခဲ့ပါတယ်” လို့ ၎င်းရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး ထပ်လောင်းပြောဆိုခဲ့ပါတယ်။
“ကျွန်တော့်ရဲ့စိတ်နေစိတ်ထားကတော့ ပွဲတိုင်းမှာ တစ်ဆင့်ချင်းစီတိုးတက်လာဖို့ဖြစ်ပြီး ဒဏ်ရာရခဲ့တဲ့ ခြေထောက်အကြောင်းကိုတော့ ထည့်မစဉ်းစားတော့ပါဘူး”လို့ သူက ဆိုပါတယ်။
မူစီယာလာဟာ အခုရာသီ၊ ဘိုင်ယန်မြူးနစ်အတွက် ရှစ်ပွဲပါဝင်ကစားထားပြီး တစ်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု နှစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။