The network connection is lost.

Banner Image

ချန်ပီယံလိဂ်ကနေထွက်ခွာခဲ့ရပေမယ့် ကစားသမားတွေကို ကျေးဇူးတင်ကြောင်းပြောကြားလာတဲ့ ဂါဘာနော့ဗ်

အင်္ဂါနေ့ညက နယူးကာဆယ်အသင်းရဲ့ ကွင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပေမဲ့ မိမိကစားသမားတွေ ပြသခဲ့တဲ့ စိတ်ဓာတ်ပိုင်းအပေါ် ကျေနပ်မိတယ်လို့ ကွာရာဘတ်နည်းပြ ဂါဘန် ဂါဘာနော့ဗ်က ပြောကြားခဲ့ပါတယ်။

ဒီပွဲမှာ နယူးကာဆယ်အသင်းက ပွဲကို အစအဆုံး ထိန်းချုပ်ကစားသွားပြီး ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၉-၃ ဂိုးနဲ့အတူ ပလေးအော့ဖ်အဆင့်မှာ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။ ဧည့်သည် ကွာရာဘတ်အသင်းအတွက် ဂိုးတွေကိုတော့ ကာမီလို ဒူရန်နဲ့ အယ်လ်ဗင် ကာဖာဂူလီယပ်ဗ်တို့က သွင်းယူပေးခဲ့ပါတယ်။

ပွဲအပြီးမှာ ဂါဘာနော့ဗ်က "ကျွန်တော့်ကစားသမားတွေကို ကျေးဇူးတင်ချင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေဟာ ချန်ပီယံလိဂ်မှာ တကယ့်ကို ရှည်လျားပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ခရီးလမ်းတစ်ခုကို ဖြတ်သန်းခဲ့ကြလို့ပါပဲ။ ကစားပုံ၊ စွမ်းဆောင်ရည်နဲ့ သူတို့ပြသခဲ့တဲ့ စိတ်ဓာတ်ပိုင်းတွေအတွက် တစ်ယောက်ချင်းစီကို အများကြီး ကျေနပ်မိပါတယ်" လို့ ဆိုပါတယ်။

"ဒီနေ့ နယူးကာဆယ်နဲ့ပွဲမှာလည်း သူတို့တွေဟာ အကောင်းဆုံးပုံစံနဲ့ ရှိနေတယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။ ပွဲအစပိုင်းမှာတင် ဂိုးနှစ်ဂိုး စောစောစီးစီး ပေးလိုက်ရပေမဲ့ အသင်းက ပြန်လည်စုစည်းနိုင်ခဲ့ပြီး ဘယ်တော့မှ အရှုံးမပေးဘဲ ကစားသွားခဲ့ပါတယ်" လို့ ဆက်ပြောပါတယ်။

ဒါ့အပြင် ၎င်းက "ပွဲတိုင်းဟာ ကျွန်တော်တို့အတွက် အတွေ့အကြုံကောင်းတွေ ရခဲ့ပါတယ်။ အုပ်စုအဆင့်မှာ ကစားပုံစနစ် မတူညီတဲ့ ကလပ်အသင်းကြီးတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ကျွန်တော်တို့အတွက် အကြီးမားဆုံး အတွေ့အကြုံကတော့ အင်္ဂလန်ကလပ်တွေနဲ့ ကစားခဲ့ရတဲ့ ပွဲစဉ်တွေပါပဲ" လို့လည်း ဆိုပါတယ်။

"ဒီပွဲတွေမှာ အခုထက်ပိုပြီး ကောင်းကောင်းကစားနိုင်ခဲ့ရင် ပိုကောင်းမယ်ဆိုတာ မှန်ပေမဲ့ ကျွန်တော်တို့ရဲ့ အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့တယ်လို့ ထင်ပါတယ်" လို့ နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။