ချန်ပီယံလိဂ် ၁၆ သင်းအဆင့် တက်လှမ်းနိုင်မှုက ကြီးမားတဲ့ အောင်မြင်မှုတစ်ခုဖြစ်တယ်လို့ဆိုလာတဲ့ အက်ဒီဟိုဝီ
နယူးကာဆယ်ယူနိုက်တက်နည်းပြ အက်ဒီဟိုဝီကတော့ ကာရာဘတ်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အနိုင်ရရှိခဲ့ပြီးနောက် သူ့ရဲ့ ကစားသမားတွေအပေါ် အလွန်ကျေနပ်အားရနေပါတယ်။
ဒီပွဲမှာ နယူးကာဆယ်အသင်းက ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး နှစ်ကျော့ပေါင်းရလဒ် ၉-၃ ဂိုးနဲ့အတူ ပလေးအော့ဖ် (Play-off) ပွဲစဉ်ကို အပြတ်အသတ် အသာစီးရယူကာ အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ အက်ဒီဟိုဝီက "၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့တာဟာ ကျွန်တော်တို့အတွက် ကြီးမားတဲ့ အောင်မြင်မှုတစ်ခုပါ။ ချန်ပီယံလိဂ် ပုံစံသစ်ကိုလည်း ကျွန်တော် သဘောကျသလို ဒါဟာ တကယ်ကို ကောင်းမွန်တဲ့ အပြောင်းအလဲတစ်ခုလို့ ထင်ပါတယ်။ ကျွန်တော် တော်တော်လေးကို နှစ်သက်မိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
"ဖိအားများတဲ့ ပွဲစဉ်တွေ၊ နှစ်ကျော့ကစားရတဲ့ ပွဲစဉ်တွေကို ကျွန်တော်တို့ ကောင်းကောင်း ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အခုပွဲမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တယ်လို့ မဆိုနိုင်ပေမဲ့ အနိုင်ရခဲ့တဲ့အတွက်တော့ တကယ်ကို ဝမ်းသာမိပါတယ်" လို့ ၎င်းက ဆိုပါတယ်။
အခုရလဒ်ကြောင့် နယူးကာဆယ်အသင်းဟာ နောက်တစ်ဆင့်မှာ ဘာစီလိုနာ ဒါမှမဟုတ် ချဲလ်ဆီးအသင်းနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။
အက်ဒီဟိုဝီက ဆက်လက်ပြီး "နောက်တစ်ဆင့်မှာ ဘယ်အသင်းနဲ့ပဲ တွေ့ရပါစေ၊ ကျွန်တော်တို့အတွက်တော့ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ပွဲစဉ်တွေ ဖြစ်လာမှာပါ။ အခုလို ရှုံးထွက်အဆင့်ကနေ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်တာဟာ ကျွန်တော်တို့ရဲ့ ဒီရာသီအတွက် နောက်ထပ် အားတက်စရာ တွန်းအားတစ်ခု ဖြစ်လာမှာပါ" လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။