The network connection is lost.

Banner Image

ပေါ့ဂ်ဘာကို စိတ်ရှည်ရှည်နဲ့စောင့်ကြည့်ကြဖို့ ပရိသတ်တွေကို အမ်တီတီတိုက်တွန်း

မိုနာကို ကွင်းလယ်လူ ပေါ့ဂ်ဘာအပေါ် ပရိသတ်တွေအနေနဲ့ စိတ်ရှည်ပေးကြဖို့ ဆင်မြူရယ် အမ်တီတီက တိုက်တွန်းပြောကြားလိုက်ပါတယ်။

အားလုံးက မျှော်လင့်စောင့်စားခဲ့ကြတဲ့ ပေါ့ဂ်ဘာရဲ့ တစ်ကျော့ပြန် ကစားနိုင်မှုဟာ ဒဏ်ရာကြောင့် တန့်သွားခဲ့ရပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလအစောပိုင်းကမှ နောက်ဆုံးအကြိမ် ကစားထားတာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ ဂျူဗင်တပ်စ် အသင်းသားဟောင်း ပေါ့ဂ်ဘာဟာ ဒဏ်ရာပြဿနာတွေနဲ့ ဆေးစစ်ချက်ကျရှုံးမှုကြောင့် ရရှိခဲ့တဲ့ ပွဲပယ်ပြစ်ဒဏ်တွေကြောင့် ၂ နှစ်ကျော်ကြာ ပြိုင်ပွဲဝင် ဘောလုံးပွဲတွေနဲ့ ဝေးကွာနေခဲ့ရသူပါ။

အခုရာသီအစောပိုင်းမှာမှ ဘောလုံးလောကက အနားယူခဲ့တဲ့ ပြင်သစ်အသင်းဖော်ဟောင်း အမ်တီတီက ပေါ့ဂ်ဘာနဲ့ မကြာခင်ကပဲ စကားပြောဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

၎င်းက RMC သတင်းဌာနကို အခုလိုပဲ ပြောကြားခဲ့ပါတယ်။ "ကျွန်တော် သူနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ သူ တော်တော်လေးကို ကြိုးစားပမ်းစား လုပ်ဆောင်နေတာ ကျွန်တော် သိပါတယ်"

"အခုလို အချိန်အကြာကြီး နားထားရတဲ့အတွက် သူ့ခန္ဓာကိုယ်က တုံ့ပြန်မှုတွေရှိလာတာ (ဒဏ်ရာပြန်ရတာမျိုး) က သဘာဝပါပဲ။ ဒါပေမဲ့ သူကတော့ အရှုံးမပေးသေးပါဘူး။ သူ ပြန်လာနိုင်ပြီး ပွဲအချို့ ပြန်ကစားနိုင်မယ်လို့လည်း ကျွန်တော် ထင်ပါတယ်။ သူ တစ်ကျော့ပြန်လာတာကို မြင်လိုက်ရတုန်းကတော့ 'ဝါး၊ ဒါက တကယ်ကို ခက်ခဲလိမ့်မယ်' လို့ ကျွန်တော် တွေးမိခဲ့တယ်"

"သူ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ လိုပါသေးတယ်။ ဒါကြောင့် သူ့ကို ပွဲ ၂၀ လောက် ဆက်တိုက် ကစားနိုင်ဖို့အထိတော့ မမျှော်လင့်ထားသင့်သေးပါဘူး။ သူကိုယ်တိုင်က လုပ်နိုင်သေးတယ်လို့ ယုံကြည်နေသရွေ့ သူ့ကို အဆုံးအထိ ကြိုးစားခွင့် ပေးလိုက်သင့်ပါတယ်၊ ဒါက ရိုးရိုးလေးပါပဲ" လို့ ပြောကြားခဲ့ပါတယ်။