
လိုင်ယွန်မှထွက်ခွာခဲ့ပြီးနောက် ဆော်ဒီပရိုလိဂ်ကလပ် နီယွန်မ်သို့ပြောင်းရွှေ့သွားခဲ့တဲ့ လာကာဇက်
အာဆင်နယ်တိုက်စစ်ကြယ်ပွင့်ဟောင်း အလက်ဇန်းဒါးလာကာဇက်ဟာ လက်ရှိကလပ် လိုင်ယွန်နဲ့လမ်းခွဲခဲ့ပြီးနောက် ဆော်ဒီပရိုလိဂ်ကလပ် နီယွန်မ်သို့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ ပြင်သစ်အခြေစိုက် L’Equipe သတင်းဌာနရဲ့အဆိုအရ အသက်-၃၄ နှစ်အရွယ်ကစားသမားဟာ ဆေးစစ်မှုတွေပြုလုပ်ထားခဲ့ပြီးဖြစ်လို့ နီယွန်မ်နဲ့ ၂ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့တယ်လို့သိရပါတယ်။ အပြောင်းအရွှေ့အတွက် သဘောတူညီမှုမရခင်မှာ လာကာဇက်အနေနဲ့ အသေးစားဆွေးနွေးညှိနှိုင်းမှုတစ်ချို့ ပြုလုပ်ခဲ့ရပေမယ့် ယခုအခါမှာတော့ တရားဝင်သဘောတူညီမှုရထားခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီအကုန်မှာ လာကာဇက်ဟာ လိုင်ယွန်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့သလို၊ ယခုအခါမှာ လိုင်ယွန်ကလည်း ဘဏ္ဍာရေးအရှုပ်တော်ပုံတွေကြောင့် လီဂူးဝမ်းကနေ တန်းဆင်းသွားခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ လိုင်ယွန်အနေနဲ့ ပုံစံကောင်းရဖို့ရုန်းကန်ခဲ့ရပေမယ့် လာကာဇက်ကတော့ ပုံမှန်ခြေစွမ်းကိုထိန်းသိမ်းနိုင်ခဲ့ပြီး အသင်းကိုအတတ်နိုင်ဆုံးအကူအညီပေးနိုင်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ် အာဆင်နယ်နဲ့လမ်းခွဲဖို့ လိုင်ယွန်နဲ့ချိတ်ဆက်ခဲ့တဲ့ လာကာဇက်ဟာ အသင်းမှာ ကစားခဲ့တဲ့ ၂ နှစ်တာအတောအတွင်း စုစုပေါင်း ၄၃ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ ယခုအခါမှာတော့ ဥရောပကြယ်ပွင့်ဟောင်းတွေရဲ့လမ်းစဉ်အတိုင်း လာကာဇက်အနေနဲ့လည်း ဆော်ဒီပရိုလိဒ်သို့ပြောင်းရွှေ့ဖို့သာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ လာကာဇက်ဟာ လိုင်ယွန်ရဲ့အသင်းခေါင်းဆောင်အဖြစ် ၂၀၂၃ ခုနှစ်မှာ ၂၀၂၅ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်ခဲ့ပြီး အဆိုပါ ၂ ရာသီအတွင်းမှာ အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ်လည်း ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်သို့မရောက်ခင်ကလည်း လာကာဇက်ဟာ လိုင်ယွန်မှာပဲကစားခဲ့သူဖြစ်ပါတယ်။
ယခုအခါမှာတော့ ပြင်သစ်လက်ရွေးစင်ဟောင်းဟာ ပြင်သစ်မြေကိုစွန့်ခွာပြီး ဆော်ဒီပရိုလိဒ်မှာ ကစားသမားဘဝအသစ်စတင်သွားတော့မှာဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက်သဘောတူညီမှုရရှိထားခဲ့ပြီဖြစ်လို့ မကြာမီမှာပဲ လီယွန်မ်အနေနဲ့လည်း လာကာဇက်ကိုခေါ်ယူလိုက်ကြောင်း တရားဝင်ကြေညာလာဖွယ်ရှိပါတယ်။