
ဗိုလ်လုပွဲသို့ တက်ရောက်ဖို့ အာမ မခံနိုင်သေးကြောင်း အာမိုရင်ပြောကြား
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က သောကြာနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ ဘီလ်ဘာအိုကို ၀-၃ နဲ့ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် ဒုတိယအကျော့ကစားဖို့ကျန်ရှိနေသေးတာကြောင့် ဗိုလ်လုပွဲသို့တက်ရောက်ပြီလို့ အာမ မခံနိုင်သေးကြောင်း ပြောကြားလာခဲ့ပါတယ်။
ယူနိုက်တက်နဲ့တစ်ချိန်တည်းမှာ ကစားခဲ့တဲ့ တော့တင်ဟမ်ကလည်း အိမ်ကွင်းမှာ ဘိုဒိုဂလင့်ကို ၃-၁ နဲ့ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ဗိုလ်လုပွဲသို့တက်လှမ်းနိုင်ဖို့ အခြေအနေကောင်းနေပြီး ပရိသတ်တွေအနေနဲ့ အင်္ဂလန်ပရီးမီးယားလိဂ် ၂ သင်းကို ယူရိုပါလိဂ်ဖိုင်နယ်မှာ မြင်တွေ့ရဖို့ အလားအလာများနေပြီဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဘီလ်ဘာအိုကစားသမား ဗီဗီယန် အနီကတ်ပြထုတ်ပယ်ခံခဲ့ရတာကြောင့် ပွဲကစားချိန် တစ်ဝက်ကျော်လောက် ကစားသမား ၁ ယောက်အသာစီးနဲ့ကစားနိုင်ခဲ့တာဖြစ်ပြီး အနိုင်ဂိုး ၃ ဂိုးစလုံးကို ပထမပိုင်းမှာပဲ သွင်းယူခဲ့ပါတယ်။
ပွဲအပြီးမှာ အာမိုရင်က "ကျွန်တော်တို့ ဒုတိယအကျော့ကိုလည်း ခေါင်းထဲထည့်ထားဖို့လိုပါတယ်။ ပြီးတော့ ပွဲအစ မိနစ် ၂၀ ကိုလည်း ခေါင်းထဲထည့်ထားဖို့လိုပါတယ်။ ကျွန်တော်တို့ အဲဒီမိနစ် ၂၀ အတွင်းမှာ ရုန်းကန်ခဲ့ရပါတယ်" "ကျွန်တော်တို့ ဒီပွဲမှာသာဂိုးမရခဲ့ရင် အခြေအနေတွေက တစ်မျိုးဖြစ်သွားနိုင်ပါတယ်။ အခုတော့ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်အတွက် အာရုံစိုက်သွားမှာဖြစ်ပြီး အဲဒီပွဲပြီးရင်တော့ ဒုတိယအကျော့ကို သေချာကစားသွားရပါမယ်"
"ဒီပွဲရလဒ်က အကောင်းဆုံးရလဒ်ဖြစ်မယ်လို့ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရလဒ်ကို ဘယ်သူမှ မမျှော်လင့်ထားလို့ပါ။ ဒါပေမယ့် ကျွန်တော်တို့ပွဲအစမှာတော့ ရုန်းကန်ခဲ့ရပြီး တစ်ယောက်အသာနဲ့ကစားရချိန်မှာတော့ ပွဲရဲ့အခြေအနေက ပြောင်းသွားခဲ့ပါတယ်။ ဒုတိယပိုင်းမှလည်း ကျွန်တော်တို့ ဂိုးတွေသွင်းနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့ ဂိုးရဖို့ အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပေမယ့် ပြိုင်ဘက်က ဒီပွဲမှာ ကျွန်တော်တို့ဂိုးပေါက်ကို သိပ်ကန်ခွင့်မရအောင်ထိန်းချုပ်နိုင်ခဲ့တာက အရေးကြီးဆုံးအချက်ပါပဲ" လို့ပြောကြားခဲ့ပါတယ်။