
အငှားကစားသမားနဲ့ပတ်သက်ပြီး တော့တင်ဟမ်နဲ့ဆွေးနွေးနေတယ်လို့ မက်စ်အီဘာရယ် အတည်ပြု
ဘိုင်ယန်မြူးနစ်အားကစားဒါရိုက်တာ မက်စ်အီဘာရယ်က တိုက်စစ်မှူး မက်တီတဲလ်နဲ့ပတ်သက်ပြီး တော့တင်ဟမ်နဲ့ ဆွေးနွေးနေတယ်လို့ အတည်ပြုလိုက်ပါတယ်။ တဲလ်ဟာ ဇန်နဝါရီတုန်းက တော့တင်ဟမ်အသင်းထံ အငှားနဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံ ၂၀ ပွဲမှာ ၃ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ တော့တင်ဟမ်ဘက်က ပြင်သစ်သားကို အပြီးသတ်ခေါ်ယူချင်နေပြီး ပေါင် ၄၂ သန်းလောက်ပေးချေရမှာဖြစ်ပေမယ့် အဆိုပါပမာဏလောက်မပေးချင်ဖြစ်နေပါတယ်။
အဲ့အစား တော့တင်ဟမ်ဘက်က အခြားပစ်မှတ်ကိုသာ ရှာဖွေတာအပြင် နောက်ထပ်အငှားခေါ်ယူပြီး လာမယ့်ရာသီမှ အပြီးသတ်ခေါ်ယူဖို့ ဆွေးနွေးနေပါတယ်။ အခုချိန်မှာလည်း ၂ သင်းကြား တဲလ်အပြောင်းအရွှေ့အတွက် ဆွေးနွေးနေတယ်လို့ အတည်ပြုလာခဲ့ပါတယ်။ ဒါပေမယ့် တဲလ်ကို ယခင်နည်းပြဟောင်း ပိုစတီကခေါ်ယူချင်နေတာဖြစ်ပေမယ့် လက်ရှိမှာနည်းပြသစ် ဖရန့်ခ်ဖြစ်လာပြီဖြစ်တာကြောင့် အခြေအနေက ပြောင်းလဲဖွယ်ရှိနေပါတယ်။
“မက်တီအပြောင်းအရွှေ့ ၆ လအငှားပြောင်းခဲ့တာပါ။ သူက ယူ- ၂၁ အသင်းမှာကစားချင်နေပါတယ်။ ကျွန်တော်တို့ အဲ့တာကို ခွင့်ပြုထားပါတယ်။ တော့တင်ဟမ်နဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးနေပါတယ်။ အဲ့တာကို မကွယ်မဝှက်ပြောတာပါ။ ဘာဆက်ဖြစ်မလဲဆိုတာကတော့ ကျွန်တော်တို့ ဆက်လက်စောင့်ကြည့်ရမှာပါ”လို့ အီဘာရယ်က အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။ တဲလ်ဟာ လက်ရှိယူ - ၂၁ ချန်ပီယံရှစ်ပွဲစဉ်အဖြစ် ပြင်သစ်အသင်းနဲ့ပူးပေါင်းနေပြီး လာမယ့်စနေနေ့မှာ ပြင်သစ်ယူ - ၂၁ အသင်းဟာ ဂျော်ဂျီယာအသင်းနဲ့ကန်ရမှာဖြစ်ပါတယ်။